Wednesday, May 02, 2012

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ၁၂၂ကြိမ်မြောက် နိုင်ငံတကာ အလုပ်သမားနေ့ အခမ်းအနားကျင်းပ

၂၀၁၂ခုနှစ် မေလ ၁ရက်နေ့တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့၌ ၁၂၂ကြိမ်မြောက်နိုင်ငံတကာ အလုပ်သမားနေ့ အထိမ်းအမှတ်အခမ်းအနားအား လူမှုအခြေပြုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ရာပေါင်းများစွာသော မြန်မာရွှေ့ပြောင်းအလုပ်သမားများမှ တက်ရောက်ခဲ့သည်။ ထိုအခမ်းအနားအား ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဦးစီးပြီး အခြားသော လူမှုအခြေပြုအဖွဲ့များနှင့် ပူးပေါင်းကာ ကျင်းပခဲ့ခြင်းဖြစ်သည်။
အခမ်းအနားတွင် နိုင်ငံတကာ အလုပ်သမားနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း မှတ်တမ်းတင် ဗွီဒီယိုအား ပြသခဲ့သည်။ ထို့နောက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ကိုမျိုးဇော်နှင့် ကိုစိုးစံ ၊ မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ဦးမြင့်သိန်း ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ထွဋ်ဦးလှိုင် ၊ မတ်ပ် ဖောင်ဒေးရှင်းမှ ကိုနိုင် နှင့် အင်္ဂလန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂတစ်ခုဖြစ်သော UNISON မှ Anne Stokle တို့မှ အမှာစကားများ အသီးသီးပြောကြား၍ အလုပ်သမားများ၏ ရပိုင်ခွင့်များအကြောင်း တင်ပြသွားခဲ့ကြသည်။ ထိုအမှာစကားများအပြီးတွင် ထိုင်းနိုင်ငံမှ ချမှတ်ထားသော အလုပ်သမားဥပဒေများ ၊ နိုင်ငံတကာအလုပ်သမားဥပဒေများနှင့် အလုပ်သမားများ၏ အခြေခံအခွင့်အရေးများအရ အလုပ်သမားများရရှိနိုင်သော အခွင့်အရေးများအား သိရှိစေရန် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဉာဏ်စမ်းပဟေဠိများ ကျင်းပပေးခဲ့သည်။
ထို့နောက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၏ အကူအညီဖြင့် အမှုအောင်နိုင်ခဲ့သော ရွှေ့ပြောင်းမြန်မာ အလုပ်သမားတစ်ဦးဖြစ်သူ ကိုမောင်ဦးမှ ၎င်း၏ အတွေ့အကြုံအား အခြားသော အလုပ်သမားများသိစေရန် ပြန်လည် ဝေမျှခဲ့သည်။
ထို့အပြင် အခမ်းအနားအား တက်ရောက်လာသော အဖွဲ့အစည်းများမှ တပ်ခ်ခရိုင်အတွင်းရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားအနေဖြင့် လုပ်ခလစာ အပြည့်အဝ မခံစားရခြင်း ၊ အခွင့်အရေးများ အပြည့်အဝ မရရှိခြင်းနှင့် ချိုးဖောက်ခံနေရခြင်းအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် အိတ်ဖွင့်ပေးစာတစ်စောင်အား ထိုင်းအာဏာပိုင်များဆီသို့ ပေးပို့ခဲ့သည်။
နေ့လည်ခင်းတွင် အလုပ်သမားများနှင့် တက်ရောက်လာသော အဖွဲ့အစည်းအသီးသီးမှ လူများသည် “၈နာရီလုပ်၊ ၈နာရီနား၊ ၈နာရီ အိပ်” “တစ်ပတ်လျှင် တစ်ရက် နားခွင့်ပေး တို့အလုပ်သမား အခွင့်အရေး” “တရားဝင် တစ်နေ့လုပ်အားခ ၂၂၆ဘတ် ချက်ချင်းပေး” စသည့် စာသားများပါသည့် ပိုစတာများကိုင်ဆောင်ပြီး ချီတက်၍ အလုပ်သမားအခွင့်အရေး တောင်းဆိုဆန္ဒပြပွဲ တစ်ခုပြုလုပ်ခဲ့သည်။ ထို့နောက် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကျင်းပသည့် အခြားသော မေဒေးအခမ်းအနားနှင့် ထိုင်းအစိုးရမှ အထောက်အပံ့ဖြင့် ကျင်းပသည့် အားကစားပွဲတော်များ ကျင်းပလျက်ရှိသော ထိုင်းအထက်တန်းကျောင်းတစ်ခုအတွင်းသို့ ဝင်ရောက်၍ ဆက်လက်ဆန္ဒပြခဲ့သည်။ ထို့နောက် ဆန္ဒပြပွဲနှင့် နိုင်ငံတကာအလုပ်သမားနေ့ အခမ်းအနားအား အောင်မြင်စွာ အဆုံးသတ်ခဲ့သည်။

(ပုံကြီးကြည့်လိုလျှင်ပုံပေါ်တွင် ကလစ်နှိပ်ပါ)
၁၂၂ ကြိမ်မြောက်မေဒေးနေ့အခမ်းအနား

PhotobucketPhotobucket PhotobucketPhotobucket PhotobucketPhotobucket Photobucket
 
 
၁၂၂ ကြိမ်မြောက် မေဒေးနေ့ အလုပ်သမားအခွင့်အရေးဆိုင်ရာ ချီတက်ဆန္ဒပြပွဲ

PhotobucketPhotobucket PhotobucketPhotobucket PhotobucketPhotobucket PhotobucketPhotobucket

0 comments:

Post a Comment