မေလ ၂၇ ရက်နေ့က ထိုင်းနိုင်ငံ၊ စူရပ်ဌာနီ စူရပ်မြို့ရှိ ပင်လယ်စာလုပ်ငန်းဖြစ်သည့် (ASIAN SEAFOODS COLDS TORAGE (SURATTHANI) Co.LTD) စက်ရုံတွင် မြန်မာအလုပ်သမား နှစ်ဦး ဓါးထိုးခံရကြောင်း သတင်းရရှိသည်။
မြန်မာအလုပ်သမားနှစ်ဦးဖြစ်သည့် ကိုရန်ပိုင်နှင့် ကိုမက်တို့ကို စက်ရုံတွင် လုံခြုံရေးတာဝန်ယူထားသော ထိုင်းအမျိုးသားနှစ်ဦးမှ ဓါးဖြင့်ထိုးခဲ့ကြောင်းကို စက်ရုံမှ အလုပ်သမားတစ်ဦးဖြစ်သည့် ကိုနိုင်ဝင်းက ယခုလိုပြောသည်။
“ဓါးထိုးခံရတဲ့ အလုပ်သမားနှစ်ယောက်က အိမ်ခန်းမှာအသုံးပြုမယ်ဆိုပြီး စက်ရုံမှာရှိတဲ့ သစ်သားပြားလေးတွေယူလာတယ်၊ ဒါကို လုံခြုံရေးကမြင်သွားတယ်၊ လုံခြုံရေးတွေက ပြန်လာပို့ခိုင်လို့ သွားပို့တာကို သူတို့နှစ်ယောက်ကို ခြေထောက်နဲ့ကန်ကျောက်၊ လက်သီးနဲ့ထိုးတော့ သူတို့နှစ်ယောက်လည်း မခံနိုင်လို့ပြန်ထိုးတာ၊ လုံခြုံရေးကသူတို့ကို ဓါးနဲ့ထိုးလိုက်လို့ အခုဆေးရုံမှာရောက်နေပါတယ်” ဟုပြောသည်။
ဓါးထိုးခံရသော မြန်မာအလုပ်သမားနှစ်ဦးနှင့် ပတ်သက်၍စက်ရုံမှတစ်စုံတရာ တာဝန်ယူမဖြေရှင်းပေးသည့်အပြင် လူနာများအား မြန်မာအလုပ်သမားများကသာ ဆေးရုံသို့ပို့ပေးခဲ့ရကြောင်း သိရသည်။
ဓါးဖြင့်ထိုးသော လုံခြုံရေး နှစ်ဦးအားလည်း တစုံတရာအရေးယူမှု မရှိသည်ကို “ မနေ့က ဓါးနှင့်ထိုးလို့ တာဝန်ရှိလူကြီးတွေကို သွားပြောတော့ သူတို့က အဲဒီနှစ်ယောက်ကို ရဲလက်ထဲအပ်လိုက်ပြီးလို့ ပြောတယ်၊ ဒီနေ့ အဲဒီလုံခြုံရေးနှစ်ယောက်က စက်ရုံကိုရောက်လာပြီး ကျနော်တို့အထဲက တစ်ယောက်ခေါင်းကို ရိုက်ခွဲသွားပြန်တယ်” ဟု ကိုနိုင်ဝင်းက ဆက်ပြောသည်။
ထိုစက်ရုံတွင် မြန်မာအလုပ်သမားများ (၄၀၀) ကျော်ခန့်ရှိပြီး ယခင်ကလည်း စက်ရုံထဲမှထိုင်းအလုပ်သမားများထံတွင် မတရားရိုက်နှက်ခြင်းများ ခံခဲ့ရသော်လည်း စက်ရုံသူဌေးနှင့်တာဝန်ရှိ လူကြီးများမှတစ်စုံတရာ ဖြေရှင်းပေးခြင်း မရှိခဲ့ဟုသိရသည်။
Ref : arakantimes
0 comments:
Post a Comment