ယနေ့ (၄၊ ၅၊ ၂၀၁၂) နံနက်ပိုင်းတွင် အာချီခြေစွပ်စက်ရုံမှ အလုပ်သမ ၆ဦးအား လုပ်ခ လစာမပေးပဲ အလုပ်ရှင်မှ အတင်းအဓမ္မအလုပ်ထွက်ခိုင်းကြောင်း သိရှိရသည်။။ ၎င်းတို့သည် ထိုစက်ရုံတွင် အလုပ်များအား တာဝန်ကျေပွန်စွာလုပ်ဆောင်ခဲ့သော်လည်း အလုပ်ရှင်မှ လခမပေးပဲ အလုပ်ကနေထွက်သွားဟုပြောဆိုကာ နှင်ထုတ်ခဲ့ကြောင်း သိရှိရသည်။
"ကျမတို့ ဆီမှာ လက်မှတ်တွေလည်းမရှိဘူး။ အဲဒီ စက်ရုံမှာလုပ်တာ ၁လခွဲလောက်ရှိပြီ ကျမတို့ထဲက တစ်ယောက်ကတော့ ဒီမှာ လုပ်တာ ၈လကျော်ပြီ။ ပထမတော့ အလုပ်ရှင်က ကျမတို့ကိုကောင်းကောင်းဆက်ဆံပါတယ်။ စက်ရုံမှာကလည်း အလုပ်သမားက စုစုပေါင်းဆိုလို့ ကျမတို့ ၆ယောက်ပဲ ရှိတာ။ အလုပ်ရှင်က ကျမတို့ကို ဆူတာတွေ ကြိမ်းမောင်းတာတွေတော့ ရှိတယ် ဒါပေမယ့် ၁ ယောက်ကို ၁လစာ ၁၅၀၀ ပေးမယ်လို့ပြောတာနဲ့ ကျမတို့လည်း သည်းခံပြီး ဆက်လုပ်နေခဲ့တာ။ ကျမတို့ထဲက အလုပ်သက်တမ်း ၈လရှိတဲ့ တစ်ယောက်ကတော့ အရင်က ၁၈၀၀ ရတယ်လို့ပြောတယ်။ အလုပ်ချိန်ကတော့ မနက် ၇ နာရီကနေ ည ၇ နာရီလုပ်ရတယ်။ အလုပ်လုပ်တာက ၆ယောက်တည်းရှိတော့ ကျမတို့ ဘယ်လောက်ကြိုးစားလုပ်လုပ် ခြေစွပ်ခေါက်ပြီး တံဆိပ်နှိပ်တဲ့နေရာမှာ အလုပ်တွေက သွားပုံနေတာပေါ့။ အဲဒါ လူမလောက်တော့ လွန်ခဲ့တဲ့ ၄ရက်က သူဌေးကနေ သူ့အစ်ကို စက်ရုံထဲက အလုပ်သမား ၈ယောက်ထက်ခေါ်လာတယ်။ အဲဒီ ၈ယောက် ရောက်လာပြီးတော့ အလုပ်ချိန်ကိုလည်း ၇နာရီကနေ ၅နာရီအထိ ပြောင်းတယ်။ ဒါပေမယ့် အဲဒီ အလုပ်သမားအသစ်တွေ ရောက်လာကတည်းက သူဌေးက ကျမတို့ကို ပိုပြီး ကြိမ်းမောင်းလာတယ်။ နောက်ဆုံး ကျမတို့ကို အလုပ်ထဲမှာ ပူပူဆူဆူလုပ်တယ်၊ အလုပ်တွေလည်း ပြီးအောင် မလုပ်ဘူးဆိုပြီး အမြဲတမ်း ပြဿနာရှာတယ်။ ပြီးတော့ နင်တို့တွေ မလုပ်နိုင်ရင်လည်း ထွက်သွား ငါကတော့ အလုပ်လုပ်တာ အသုံးမကျတဲ့သူတွေကို ဆက်ပြီး လက်ခံမထားနိုင်ဘူး လို့ပြောတယ်။ ကျမလည်း ကျန်တဲ့သူတွေကို ဆက်ပြီး သည်းခံကြည့်ဖို့ပြောတယ်။ ကျမတို့ ပိုပြီး ကြိုးစားလုပ်ရင်တော့ သူဌေးက လခပေးလိမ့်မယ်ဆိုပြီး ဆက်လုပ်နေသေးတယ်။ ဒါပေမယ့် သူဌေးက နောက်ပိုင်း အမြဲတမ်းပဲ ထွက်သွားဖို့ပြောနေတယ်။ အဲဒါနဲ့ ထိုင်းစကားတတ်တဲ့ အမကြီးတစ်ယောက်နဲ့ သွားပြီး ကျမတို့ အလုပ်ထွက်မယ် ကျမတို့ လုပ်ထားတဲ့ ရက်တွေအတွက် လုပ်အားခတွေပေးပါလို့ပြောတယ်။ သူဌေးက ခဏစောင့်ခိုင်းထားပြီး နောက်တော့ မပေးဘူးလို့ပြောတယ်။ ကျမကပြန်ပြီးတော့ လခမပေးနိုင်ရင်လည်း မြဝတီပြန်ဖို့အတွက် ၆ယောက်စာ ၁ထောင်ပေးဖို့ပြောတယ်။ အဲဒီ့ ၁ထောင်ကိုလည်း သူဌေးက မပေးနိုင်ဘူးနဲ့။ အဲဒါကြောင့်ပဲ ဒီနေ့မနက် အလုပ်ကနေထွက်လာခဲ့တာ။" ဟု အလုပ်ထုတ်ခံခဲ့ရသူ တစ်ဦးက ၎င်းတို့၏ အခြေအနေကို ပြန်ပြောပြသည်။
ထိုအလုပ်သမများ အလုပ်ထုတ်ခံရပြီးနောက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၏ ရုံးသို့်ရောက်ရှိလာပြီး ၎င်းတို့၏ လုပ်အားခများပြန်လည်ရရှိရန် အတွက်အကူအညီပေးရန် ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့သို့ တောင်းဆိုခဲ့သည်။
ယခုကဲ့သို့ အလုပ်ရှင်မှ အလုပ်သမားများအား မတရားဖိနှိပ်အနိုင်ကျင့်မှုမျာကို ထိုင်းနိုင်ငံအတွင်းရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ မကြာခဏ ကြုံတွေ့ခံစားနေကြရကြောင်း သိရှိရသည်။

0 comments:
Post a Comment