Friday, May 04, 2012

မဲဆောက်မြို့ရှိ ချန်ပီယံသိုးမွှေးစက်ရုံ(ခေါ်) SD Fashion စက်ရုံမှ အလုပ်သမားများ လခတိုးမြှင့်ရေး ဆန္ဒပြပွဲတွင် အနိုင်ရရှိ

ချန်ပီယံ သိုးမွှေးစက်ရုံ (ခေါ်) SD Fashion မှ အလုပ်သမား ၅၀၀ ကျော် လုပ်အားခ၊ အချိန်ပိုလုပ်အားခနှင့် ဒါဇင်ဈေးတိုးမြှင့်ပေးရန် ၂.၅.၂၀၁၂ ရက်နေ့နေ့လည် ၁၂နာရီအချိန်တွင် အလုပ်ရပ်နားကာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ထိုအလုပ်သမားများ၏ တောင်းဆိုချက်ကို အလုပ်ရှင်မှ ၄.၅.၂၀၁၂ ရက်နေ့တွင် တနေ့လုပ်အားခ ၁၅၅ဘတ်နှင့် တစ်ဒါဇင်ဈေး တစ်ရာလျှင် ၂၀ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး အချိန်ပို လုပ်အားခနှင့် ပတ်သတ်သော တောင်းဆိုချက်ကို ၁.၆.၂၀၁၂ ရက်နေ့တွင် ပြန်လည်ညှိနှိုင်းဆွေးနွေးရန် အလုပ်ရှင်-အလုပ်သမားနှင့် အလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံးမှ အရာရှိများမှ လက်မှတ်ရေးထိုးခဲ့ကြသည်။ ၎င်းအလုပ်သမားများထဲမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဇော်လင်းမှ “ယခုအခြေအနေလောက်အထိ ကျနော်တို့ ရလာတာကိုတော့ အပြည့်အဝကျေနပ်မှု မရှိသေးပါဘူး။ ကျန်ရှိနေသေးတဲ့ ကျနော်တို့အလုပ်သမားတွေရဲ့ လိုအပ်ချက်တွေကို ဇွန်လ ၁ရက်နေ့မှာ ပြန်လည်ဖြည့်စွက်တောင်းဆို လက်မှတ်ရေးထိုးဖို့ရှိပါတယ်။ အရင်အခြေအနေတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ၇၅ရာခိုင်နှုန်း တိုးတက်ကောင်းမွန်လာတယ်လို့ ထင်ပါတယ်။ ရှေ့ဆက်ပြီးတော့ ဒီ့ထက်ကောင်းမွန်လာဖို့အတွက် ကျနော်တို့ အလုပ်သမားအချင်းချင်း တိုင်ပင်မယ်။ ပြီးတော့ ကျနော်တို့ နားမလည်တဲ့ အလုပ်သမားဥပဒေတွေ၊ အခွင့်အရေးတွေနဲ့ ပတ်သတ်ပြီး ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ကနေ အကြံဉာဏ်တွေ ရယူမယ်။ အခုအခြေအနေအထိ ဖြစ်လာအောင် ကူညီပေးခဲ့တဲ့အတွက်လည်း ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နဲ့ အခြားကူညီပေးခဲ့တဲ့လူတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။”
ထိုအလုပ်သမားများဆန္ဒပြမှုတွင် အလုပ်သမားများနှင့် အတူ အလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံးသို့ လိုက်ပါခဲ့သော ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ဥပဒေရေးရာ တာဝန်ခံ ကိုထွေးနိုင်မှ “လက်ရှိ အလုပ်သမားတွေ ရရှိလိုက်တဲ့ အခြေအနေကို ကြည့်မယ်ဆိုရင်တော့ တပ်ခ်ခရိုင်မှာ သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်အားခ ၂၂၆ဘတ်ရဲ့ တစ်ဝက်ကျော်ကျော်ပဲရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အပြည့်အဝမရရှိသေးရင်တောင်မှ အရင်တုံးကထက် ပိုပြီးရလာတော့ အလုပ်သမားတွေရဲ့ ဘဝတွေက ပိုပြီး အဆင်ပြေလာနိုင်ပါတယ်။ သူတို့စက်ရုံက အလုပ်သမားတွေလိုပဲ မဲဆောက်မှာ ရှိတဲ့ စက်ရုံအားလုံးကိုလည်း ရစေချင်ပါတယ်” ဟုပြောကြားသွားခဲ့သည်။
ချန်ပီယံ သိုးမွှေးစက်ရုံ (ခေါ်) SD Fashion သိုးမွှေးစက်ရုံကို ၁၉၉၂ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အလုပ်ရှင် ၇ဦး ပြောင်းလဲလုပ်ကိုင်ခဲ့ကာ ကုမ္ပဏီနာမည်ကိုလည်း အမျိုးမျိုးပြောင်းလဲခဲ့သည်။ မဲဆောက်ရှိရွှေ့ပြောင်းမြန်မာအလုပ်သမားမျာအကြားတွင် ထိုစက်ရုံအား ချန်ပီယံသိုးမွှေးစက်ရုံအဖြစ် လူသိများသည်။
ထိုစက်ရုံရှိ အလုပ်သမားများ၏ တစ်နေ့အလုပ်ချိန်မှာ နံနက် ၈နာရီမှ ည ၉နာရီ အထိ အလုပ်ချိန် စုစုပေါင်း (၁၁)နာရီ ကြာမြင့်သည်ဖြစ်ပြီး တစ်နေ့လုပ်အားခမှာ ၇၅ဘတ်မှ ၉၀ဘတ် ကြားသာရရှိခဲ့ကြသည်ဟု သိရှိရသည်။ 

0 comments:

Post a Comment