ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသ
ပုစွန်စက်ရုံတခုမှာ နားရက်မရှိ၊ မနက် ၄ နာရီကနေ ည ၁၀နာရီကျော်ထိ လုပ်အားခ
ခေါင်းပုံဖြတ်ပြီး လှောင်ပိတ်ခိုင်းစေခံနေရတဲ့မြန်မာအလုပ်သမား ၂၂ ဦးကိုထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားအဖွဲ့က
ဒီနေ့မနက်သွားရောက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ဝင်
ဆရာတော် ဦးဇောတိက က “ စက်ရုံမှာ သိုလှောင်ပိတ်ပြီး ဘယ်မှာလည်း မသွားရဘူး၊
တနင်္ဂနွေတောင် ဘယ်မှာမသွားရဘူးတဲ့။ အလုပ်လည်းနားခွင့်မရှိ။ အစောကြီးဆင်းရတယ်။ မနက်
၃ နာရီခွဲကထ ည ၈ နာရီထိခိုင်းတယ်တဲ့။ ပုံမှန်လစာ ဘယ်လောက်ရတယ်ဆိုတာလဲမပြောဘူး။
သူ့စေတနာနဲ့ပေးတာယူခဲ့ရတာ ၂ လရှိပြီတဲ့။ သွားကယ်ခဲ့တယ်” လို့မိန့်ပါတယ်။
အလုပ်သမားအများစုဟာ ပဲခူးတိုင်း
တောင်ငူမြို့နယ်ကန့်နီကျေးရွာကဖြစ်ပြီး ပွဲစားရဲ့အဆက်အသွယ်နဲ့ လွန်ခဲ့တဲ့ ၂
လကထိုင်းနိုင်ငံထဲရောက်လာတာဖြစ်ပါတယ်။
ပွဲစားခ မဟာချိုင်အရောက် တဦး ဘတ် ၁ သောင်း ၆
ထောင်ပေးရမှာဖြစ်ပြီး လစာထဲက ဖြတ်ယူမယ့်အကြောင်း၊ ဒီရောက်ရင် လုပ်အားခ တနေ့ဘတ် ၂၇၀
၊ အချိန်ပိုဆင်းခ ၅၅ ဘတ်ရမယ်လို့ပြောပေမယ့် လစာ တပတ်ကို ဘတ် ၁၀၀ ကနေ ၂၀၀ ထိပဲရတယ်လို့
အလုပ်သမားတစ်ဦးကပြောပါတယ်။
အလုပ်ကိုမတရားခိုင်းတဲ့အပြင်
အပြင်ထွက်ခွင့်မရှိသလို အပေါ်ထပ်နဲ့အောက်ထပ်ပဲ အတက်အဆင်းရှိတယ်လို့ဆိုပါတယ်။
“ မိဘပို့ဖို့အဝေးကြီး၊ ဒီမှာစားဖို့တောင်
အနိုင်နိုင်။ အလုပ်လုပ်ရတာ ပင်ပန်းလွန်းလို့မလုပ်ချင်ဘူး၊ အိပ်ရေးတွေလည်းပျက်၊
နားရက်လည်းမရှိ၊ ဟိုနေ့ကဗိုက်အောင့်လို့ အလုပ်မဆင်းနိုင်ဘူးဆိုတော့ ဆေးရုံသွားတဲ့၊
ဆေးရုံလည်းမသွား အလုပ်လည်းမလုပ်ရင် အချုပ်ခန်းထဲပို့မယ်တဲ့။ အဲ့တော့
ကြိတ်မှိတ်ပြီး အလုပ်ဆင်းရတယ်။ သူအဲ့လို အလုပ်နားရင် ခဏ ခဏ ခြိမ်းခြောက်တယ်။
အလုပ်နားရင် အချုပ်ခန်းထဲပို့မယ်၊ မိန်းကလေးတွေဆို မကောင်းတဲ့နေရာ ပို့မယ်ဆိုပြီး
ပြောတယ်။”
သူတို့ထဲမှာ တချို့က မြန်မာပြည်ကို
ဒီနေ့အပြီးပြန်တော့မှာဖြစ်ပြီး ကျန်သူတွေကတော့ တခြားအလုပ်ဆက်ရှာပြီး
လုပ်မယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံကို ချောချောမောမောပြန်ရောက်ဖို့အတွက်
လိုအပ်တဲ့လမ်းစရိတ်နဲ့မြဝတီမြို့ကသက်ဆိုင်ရာအာဏာပိုင်တွေနဲ့လည်း ညှိနှိုင်းပေးပြီး
ဖြစ်တယ်လို့ ဦးဇောတိကက မိန့်ပါတယ်။
0 comments:
Post a Comment