ပဲခူးမြို့
ရှင်ဆောင်းအထည်ချုပ်စက်ရုံကအလုပ်သမား ၁၅၀၀ လောက်ဟာ လုပ်ခလစာတိုးမြှင့်ဖို့၊ နားရက်တွေမှာ
လစာဖြတ်တောက်တဲ့ကိစ္စဖြေရှင်းဖို့၊ ကျန်းမာရေးစရိတ်ပေးဖို့ အပါအဝင် အချက် ၅ ချက်ကို
တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
အလုပ်သမားတွေဟာ
ဒီနေ့နေ့ခင်း ၁၂ နာရီလောက်ကစပြီး အလုပ်မဆင်းပဲ ဆန္ဒပြကြတာလို့ အဲဒီစက်ရုံကိုသွားရောက်မေးမြန်းခဲ့တဲ့ပဲခူးမြို့ခံ
ကိုအောင်မျိုးဝင်းကပြောပါတယ်။
“ အဓိက တောင်းဆိုတာက
လစာတိုးပေးဖို့ကိစ္စ၊ နောက်တစ်ချက်က ဒီမှာ ဗမာထဲက စက်ရုံမန်နေဂျာ နှစ်ယောက်ကနေ ကိုရီးယားမန်နေဂျာကို
အလုပ်ဖြုတ်တဲ့အတွက် မကျေနပ်ဘူး၊ ကိုရီးယားမန်နေဂျာကို ပြန်ပြီး အလုပ်ခန့်ဖို့။ အစိုးရရုံးပိတ်ရက်တွေမှာ
အလုပ်ပိတ်တဲ့ကိစ္စကို သူတို့လစာထဲက ဖြတ်တဲ့ကိစ္စ၊ အဲ့ဒါကိုလည်းမကျေနပ်ဘူး။ စက်ရုံထဲမှာ
ကျန်းမာရေးစောင့်ရှောက်မှုမရှိဘူး။ ဆေးမပေးပဲနဲ့ ဆေးဖိုးဖြတ်တောက်တာတွေရှိတယ်။ အဲဒီအချက်လေးတွေပါ။
အားလုံး ၅ ချက်လောက်ရှိတယ်။”
စက်ချုပ်သမားတွေကို
၃ လပြည့်ရင် လစာတိုးပေးမယ်လို့ အလုပ်ရှင်တွေကပြောဆိုပေမဲ့ ၃ လပြည့်ပြီး နိုဝင်ဘာ ၅
ရက်နေ့ လစာထုတ်တဲ့နေ့မှာ လစာတိုးမြှင့်ခြင်း
မရှိပါဘူး။
ဒါကိုသွားရောက်
ပြောဆိုရာမှာ မန်နေဂျာကနေပြီး ၁၅၀၀ လောက်ပဲ ပေးတဲ့အတွက် အဲဒိနေ့ကတည်းက အလုပ်သမားတွေ
မကျေမနပ်ဖြစ်ခဲ့ကြတာလို့ပြောပါတယ်။
အလုပ်သမားတွေအခုလိုဆန္ဒပြတဲ့အတွက်
အလုပ်ရှင်တွေအပါအဝင် ပဲခူးမြို့အလုပ်သမားရုံး ဥပဒေစစ်ဆေးရေးအရာရှိ ဦးအောင်ကျော်ဦးအပါအဝင်
အရာရှိတချို့နဲ့ အလုပ်သမားတွေ ညနေပိုင်းမှာ ညှိနှိုင်းမှုတွေလုပ်ခဲ့ပါတယ်။
ဒီဆွေးနွေးပွဲရလဒ်ကို
မနက်ဖြန်အလုပ်သမားတွေအကြား တရားဝင် ဖြန့်ချီသွားမယ်လို့ ပြောဆိုကြောင်း ဆန္ဒပြအလုပ်သမားတစ်ဦးက
ပြောပါတယ်။
“ သူတို့က
၁၀ ယောက်ကို အထဲခေါ်သွားတယ်။ နေ့ခင်း ၁ နာရီကတည်းက ခေါ်သွားတာ ၄ နာရီခွဲထိ ပြန်ထွက်မလာသေးဘူး။
အကုန်လုံး အဲ့ ၁၀ ယောက်ကိုစောင့်နေကြတယ်။ သူတို့ပြန်ထွက်လာတော့ မနက်ဖြန် စာရွက်ကပ်ပေးမယ်လို့ပြောတယ်တဲ့။
အဲအပေါ်မှာ ကြည့်ပြီး ကိုယ်လုပ်နိုင်ရင်လုပ်ပေါ့ ကျမတို့လို အလုပ်သမားတွေရှိမှ သူတို့အတွက်
အတည်ဆိုတာရလာမှာ။ သူတို့ဘက်က မတိုးပေးသရွေ့ ဒီလိုပဲ ဆန္ဒပြနေဦးမှာပဲ။”
အလုပ်သမားတွေဘက်ကတော့
သူတို့ တောင်းဆိုချက်တွေကို မလိုက်လျောရင် အလုပ်ထွက်မယ်လို့ပြောဆိုထားတယ်။ ရှင်ဆောင်းအထည်ချုပ်စက်ရုံဟာ
ကိုရီးယားပိုင်ဖြစ်ပြီး အလုပ်သမား ၁၅၀၀ လောက်ရှိပါတယ်။
Credit - DVB
Credit - DVB
0 comments:
Post a Comment