
လက်ရှိမြန်မာနိုင်ငံ၏ တရားစီရင်ရေး လုပ်ငန်းစဉ်များတွင် အုပ်ချုပ်ရေးပိုင်းမှ ၀င်ရောက်စွက်ဖက်မှုများ ရှိနေသေးကြောင်း၊ လုပ်ဆောင်ချက် အကြောင်းအရာ တစ်ခုတည်းအပေါ် ပုဒ်မအမျိုးမျိုးတပ်၍ အရေးယူမှုများ မပြုလုပ်သင့်ကြောင်း နိုင်ငံရေး လေ့လာသူများက ပြောကြားခဲ့သည်။
အလားတူ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ -၅၀၅ နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ပုဒ်မ-၁၈ တို့ဖြင့် အရေးယူမှု၊ ထောင်ချမှုများ များပြားလာသဖြင့် နိုင်ငံရေး အကျဉ်းသား ပိုများလာကြောင်း နိုင်ငံရေး လေ့လာသူများက ဆိုပါသည်။ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၉ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားရှိ ကိုင်းတန်းဈေး တရားဝင် ရောင်းချခွင့်ပြုရန် ဈေးသူဈေးသားများက မြို့တော်ဝန်ထံ တောင်းဆိုမှု ပြုရာတွင် ပါဝင်ပတ်သက်သူ ဦးအေးသိန်း၊ ဦးဝင်းဆွေမြင့်၊ ဦးစိန်အောင်၊ ဦးညီညီကျော်၊ ဒေါ်နီနီအောင်၊ ဒေါ်နွယ်နွယ်ဦးနှင့် ဒေါ်သဲသဲတို့ကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးမှ ဇွန် ၁၂ ရက်က ထောင်ဒဏ်ချမှတ်ခဲ့ရာ ဦးအေးသိန်း၊ ဦးဝင်းဆွေမြင့်နှင့် ဦးစိန်အောင်တို့ကို ၅၀၅(ခ)၊ ပုဒ်မ- ၁၈ တို့ဖြင့် ထောင်ဒဏ် တစ်နှစ်သုံးလ ချမှတ်ကာ ကျန်လေးဦးအား ထောင်ဒဏ်သုံးလစီ ချမှတ်ခဲ့သည်။
ထို့ပြင် ယင်းပုဒ်မ ၁၈ နှင့် ပတ်သက်၍ တရားစွဲဆို ထောင်ချခံရသူ နှစ်ဦးမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ဆန္ဒပြသူ ဦးသိန်းအောင်မြင့်နှင့် မုံရွာလက်ပံတောင်းတောင် ကာကွယ်ရေး ကော်မတီ အတွင်းရေးမှူးဖြစ်သူ ဦးမြင့်အောင်တို့ ဖြစ်ကြပြီး ဦးသိန်းအောင်မြင့်အား ထောင်ဒဏ် တစ်လနှင့် ဦးမြင့်အောင်အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့သည်။
''ကျွန်တော်တို့ကို ၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းက ပုဒ်မ ၅၀၅ နဲ့ တရားစွဲခဲ့တာတွေ ရှိတယ်။ တချို့နိုင်ငံရေး တက်ကြွလှုပ်ရှား သူတွေကို ဒီပုဒ်မတွေနဲ့ ထောင်ဒဏ်တွေ ချခဲ့တာလည်း ရှိတယ်။ နိုင်ငံရေးအရ စွမ်းဆောင် နေကြတဲ့ သူတွေကို အဲဒီလိုပုဒ်မတွေနဲ့ တရားစွဲဆို နေတာတွေရှိရင် ရေရှည်ပူးပေါင်း ဆောင်ရွက်နေတာတွေကို ကြီးမားတဲ့ ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်'' ဟု ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုပြုံးချိုက ပြောကြားခဲ့သည်။
ထစ်ခနဲရှိ ပုဒ်မ-၁၈နဲ့ ဆွဲလိုက်၊ ပုဒ်မ-၅၀၅ နဲ့ဆွဲလိုက် ဆိုရင်တော့ နိုင်ငံရေး အကျဉ်းသား မရှိဘူးဆိုတဲ့ ကိစ္စက လုံးလည်ချာလည် လိုက်နေမှာပဲ... |
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုအံ့ဘွယ်ကျော်မှ ''ထစ်ခနဲရှိ ပုဒ်မ-၁၈နဲ့ ဆွဲလိုက်၊ ပုဒ်မ-၅၀၅ နဲ့ဆွဲလိုက် ဆိုရင်တော့ နိုင်ငံရေး အကျဉ်းသား မရှိဘူးဆိုတဲ့ ကိစ္စက လုံးလည်ချာလည် လိုက်နေမှာပဲ'' ဟု ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ထောင်ချခံရသူများသည် လုပ်ဆောင်ချက်တစ်ခု၊ ပြစ်မှုကျူးလွန်သည့် အကြောင်းအရာ တစ်ခုတည်း အပေါ်တွင် ကွဲပြားခြားနားသည့် ပုဒ်မများဖြင့် အရေးယူ ထောင်ချခဲ့ခြင်း ဖြစ်သောကြောင့် ယင်းပုဒ်များဖြင့် ထောင်ချခံရသူများသည် နိုင်ငံရေး အကျဉ်းသားများသာ ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ခဲ့ကြသည်။
''ပုဒ်မ-၅၀၅ တို့က နိုင်ငံရေး ပုဒ်မတွေ မဟုတ်ဘူး။ တကယ်တမ်း ပြောရရင် တရားစွဲ အဖွဲ့အစည်းက လုပ်ပေးနေတဲ့ ဥပဒေတွေဖြစ်တယ်။ ပုဒ်မ-၁၈ကတော့ စီတန်းလှည့်လည်တာကို အရေးယူချင်လို့ လုပ်ထားတဲ့ဥပဒေ ဖြစ်တဲ့အတွက် စီတန်းလှည့်လည်တာကို အရေးယူတာ မဆန်းတော့ဘူး။ တစ်ခုပဲရှိတယ်။ ၁၈ နဲ့ အရေးယူပြီးသားကို ၅၀၅ နဲ့ အရေးယူသင့် မယူသင့် စဉ်းစားရမယ်။ ၅၀၅ (ခ)က ရာဇသတ်ကြီး ဥပဒေ၊ ပြဌာန်းဥပဒေ ခေါ်တာပေါ့။ ပုဒ်မ-၁၈ ကတော့ အထူးဥပဒေ ခေါ်တာပေါ့။ ဥပမာ-ခွင့်ပြုချက်မရဘဲ လမ်းလျှောက်တယ်။ ဒါဆိုရင် စီတန်းလှည့်လည်တဲ့ ပုဒ်မနဲ့ အရေးယူပြီးရင် ၅၀၅(ခ)နဲ့ အရေးယူဖို့ မလိုတော့ဘူး။ လုပ်ဆောင်ချက် တစ်ခုရယ်၊ ပြစ်မှုကျူးလွန်တဲ့ အကြောင်းအရာ တစ်ခုတည်း အပေါ်မှာ ကွဲပြားခြားနားတဲ့ ပုဒ်မတွေနဲ့ အရေးယူလို့ မရဘူး။ ရာဇသတ်ကြီး ဥပဒေနဲ့ အရေးယူရင် အထူးဥပဒေဖြစ်တဲ့ ပုဒ်မ-၁၈နဲ့ အရေးယူဖို့ မလိုဘူး။ အခုဟာ ၅၀၅ ရော ပုဒ်မ-၁၈ နဲ့ရော အရေးယူတယ် ဆိုတာက သက်သက်ညစ်ပတ်တာပဲ'' ဟု လည်း တရားလွှတ်တော်ရှေ့နေ ဦးသန်းစိုး(ထွန်း)က ပြောကြားခဲ့သည်။
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်ကလည်း ''ပုဒ်မ- ၅၀၅ ဆိုတာ အရင်က ၁၉၅၀က ကျင့်သုံးခဲ့တဲ့ ပုဒ်မ-၅ (ည)နဲ့ သိပ်မခြားပါဘူး။ ပုဒ်မ-၁၈ နဲ့ ဆိုရင်တောင် တော်တော်လွန်နေပြီဗျာ။ ပုဒ်မ-၅၀၅ ဆိုတော့ အတော်ကို ပြင်းလွန်းတယ်။ ပုဒ်မ-၅၀၅ ဆိုတာ အာမခံရဖို့ သိပ်မလွယ်ဘူး။ အာမခံရဖို့ သိပ်မလွယ်ဘူး ဆိုတော့ မကောင်းဘူးပေါ့။ နိုင်ငံတော်ကို ပြန်လည်တည်ဆောက် နေတဲ့အချိန်မှာ မဖြစ်သင့်ဘူးလို့တော့ ကျွန်တော်ထင်တယ်။ ပုဒ်မ-၁၈နဲ့တောင်မှ အငြင်းပွားမှုတွေ ပေါ်နေလို့၊ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီဘူးဆိုပြီး လွှတ်တော်မှာတောင် ပြင်ဆင်ခြင်း ဒါမှမဟုတ် ဖျက်သိမ်းခြင်း တခုခု ဆောင်ရွက်ဖို့ အတွက် ပြည်သူတွေရဲ့ အခွင့်အရေးကို ထိခိုက်စေမယ့် ပုဒ်မ-၅၀၅ (ခ) လို ဟာမျိုးကို အခုလို အချိန်မျိုးမှာ မကျင့်သုံး သင့်တော့ဘူး။ တိုင်းပြည်ရဲ့ အခြေအနေက ဆိုးဝါးမနေတော့ဘူး။ ဒီမိုကရေစီ လမ်းကြောင်းကိုလည်း အတော်အသင့် လျှောက်လမ်းခဲ့ပြီ ဖြစ်တဲ့အတွက် မသုံးသင့်တော့ဘူး။ အကြမ်းမဖက်တဲ့ နိုင်ငံရေး နည်းလမ်းတွေနဲ့ လျှောက်လှမ်းနေတဲ့ သူတွေကို အကြမ်းဖက်တဲ့ သူတွေက ကျော်တက်သွားမှာ စိုးတယ်။ ဒီနိုင်ငံရေး သမားတွေ ဆိုတာက ဦးနှောက်ပိုင်းနဲ့ လုပ်ကြတာ။ ဦးနှောက်ပိုင်းနဲ့ လုပ်တဲ့သူတွေ မရှိတော့ဘူး ဆိုရင်တော့ အကြမ်းဖက်မှုတွေ ဖြစ်လာမှာ စိုးရိမ်တယ်။ မင်းမဲ့စရိုက်တွေ မပေါ်ပေါက် စေရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုတဲ့အနေနဲ့ ၅၀၅ နဲ့ တရားစွဲတဲ့ သူတွေကို အတတ်နိုင်ဆုံး လျော့ချပြီးတော့ ပြောင်းလဲမှုကို ဖော်ဆောင်သင့်တယ်'' ဟု သုံးသပ် ပြောကြားခဲ့သည်။
Generation Wave မှ ကိုမိုးသွေးကလည်း ''ပြီးခဲ့တဲ့လက ကျွန်တော်နဲ့ ကိုဝေမှူးသွင်တို့ လက်ပံတောင်းတောင် ကိစ္စနဲ့ ပတ်သက်ပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ တွေ့ဖို့သွားခဲ့တယ်။ မသွားခင် အင်တာဗျူးတစ်ခု လုပ်ခဲ့တယ်။ လုပ်တဲ့အင်တာဗျူးမှာ ပြောတဲ့စကားတွေက စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး ပြီးခဲ့တဲ့ ၁၂ ရက် ၆ လက စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာ အမှတ်(၁)ရဲစခန်းက ရဲအုပ်ခင်ဇော်လတ်က တရားလို လုပ်ပြီးတော့ မုံရွာတရားရုံးမှာ ဦးတိုက်လျှောက်တယ်။ တရားရုံးက လက်ခံပြီးတော့ ပုဒ်မ-၅၀၅ နဲ့ ဖမ်းဝရမ်း ထုတ်တယ်။ လက်ပံတောင်း အရေးနဲ့ ပတ်သက်ပြီးတော့ ရန်ကုန်မှာလည်း ဆန္ဒပြတာတွေ ရှိတဲ့အတွက် ပုဒ်မ-၁၈ နဲ့ တစ်မျိုး၊ ပုဒ်မ-၅၀၅ နဲ့ တစ်မျိုး ဆွဲထားတာရှိတယ်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တော်တော်ကြီးကို စဉ်းစားစရာ ဖြစ်လာတယ်။ အပြောင်းအလဲလည်း ပြောသေးတယ်။ အခုဟာက အရင်တုန်းကလိုမျိုး ဒီဗီဘီနဲ့ အင်တာဗျူးလို့ အဖမ်းခံရမယ့်ဘ၀ ပြန်ရောက်တော့ မလားလို့ စဉ်းစားစရာ ဖြစ်လာတယ်'' ဟုလည်း ပြောကြားခဲ့သည်။
ဒီဘက်ခေတ်သို့ ရောက်လာချိန်တွင် ယင်းဥပဒေများကို မသုံးသင့်တော့ကြောင်း လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြည်သူများ၏ ဒီမိုကရေစီ အခွင့်အရေးများကို မျက်ကွယ်ပြုရာ ရောက်ကြောင်း ထို့ကြောင့် ယင်းဥပဒေကို လုံးဝဖျက်သိမ်းသင့်ကြောင်း ပုဒ်မ-၁၈ သည် ဒီမိုကရေစီ နိုင်ငံများတွင် ပြည်သူကို ကူညီရန်ထားသည့် ဥပဒေဖြစ်ကြောင်း ပြည်သူကို ကူညီရမည်ဖြစ်ပြီး ဆန္ဒပြရန် တင်ပါကလည်း အစိုးရက ခွင့်ပြုရကြောင်း ဒီနိုင်ငံတွင် အဲဒီလို မဟုတ်ဘဲ လိုရင်တစ်မျိုး မလိုရင် တစ်မျိုး သုံးရန်ထားသည့် ဥပဒေများ ဖြစ်နေကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဆိုသည်။
တရားစီရင်ရေး အခန်းကဏ္ဍတွင် အုပ်ချုပ်ရေးပိုင်းမှ ၀င်ရောက်စွက်ဖက်မှုများ ရှိနေသောကြောင့် လွှတ်တော်သို့ တင်ပြကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ သိရှိရသည်။ ယခုကဲ့သို့ ပုဒ်မ-၅၀၅၊ ပုဒ်မ ၁၈ တို့ဖြင့် အရေးယူမှုများ နောက်ကွယ်တွင် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်မှ ပူးပေါင်းဆောင်ရွက်မှုများ ရှိနေမည် ဆိုပါကလည်း ယင်းသို့ မရှိသင့်ကြောင်း နိုင်ငံရေး လေ့လာသူများက အကြံပြုကြသည်။
Credit Eleven









0 comments:
Post a Comment