ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ ၁၅၅ ရပ်ကွက်တွင် ပေ
၂၀-၃၀ အကျယ်ရှိ မြေကွက်တစ်ကွက်စီအား မိကျောင်းကန် အပိုင်းရှိ မိသားစု ၁၇၉
စုအား တရားဝင် နေထိုင်ခွင့် ပေးသွားမည်ဟု ဇွန် ၁၇ ရက်နေ့တွင်
အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သော
အစည်းအဝေးအရ သိရသည်။
''အထက်က အမိန့်ကျတဲ့အတိုင်း ကျွန်တော်တို့က ဆောင်ရွက်သွားမှာပါ။ လက်ရှိမှာ အခက်အခဲ ဖြစ်နေတဲ့ နေထိုင်ရေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးနေပါတယ်။ နောက်တစ်ခုကတော့ ကလေးတွေရဲ့ ပညာရေးအတွက် အဆင်ပြေအောင် ပြုလုပ်ပေးသွားမယ်။ သူတို့ကော်မတီဖွဲ့က တောင်းဆိုတာကို ကျွန်တော်တို့အနေနဲ့ လက်ခံပြီး အထက်ကို တင်ပြပေးသွားမယ်'' ဟု ဒဂုံမြို့သစ် အရှေ့ပိုင်း အုပ်ချုပ်ရေးမှူး ဦးသစ်လွင်က ပြောကြားသည်။
သို့သော် လက်ရှိပြန်လည် ချထားပေးမည့် မြေနေရာ အကျယ်အပေါ် စိုက်ပျိုးရေးနှင့် မွေးမြူးရေးများ လုပ်ကိုင်ရန် အခက်အခဲ ရှိနေကြောင်း မိကျောင်းကန်အပိုင်း ကော်မတီဝင်ဖြစ်သူ ဒေါ်စိုးမိမိသူက ပြောသည်။
''စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းပဲ ဆက်လက်လုပ်ကိုင်ချင်တယ်။ အခြားစီမှာ သွားပြီးမလုပ်ချင်ဘူး။ အသေးစား စီးပွားရေး လုပ်ငန်းရှင် အနေနဲ့ပဲ ဆက်လက်လုပ်ကိုင်ချင်တယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းအတွက် မြေနေရာကို ရရှိဖို့အတွက် ကျွန်မတို့ အနေနဲ့ အစိုးရထံ အစိုးရပေါက်ဈေးနဲ့ ၀ယ်ယူနိုင်ရန် တင်ပြတောင်းဆို သွားမယ်'' ဟု ဒေါ်စိုးမိမိသူက ထပ်မံပြောသည်။
ဒဂုံမြို့သစ် အရှေ့ပိုင်း၊ မြောက်ပိုင်းရှိ အိုးအိမ်နှင့် မြို့ရွာဦးစီးဌာနမှ ဦးစီးအရာရှိဖြစ်သူ ဦးအောင်အောင်က ''သူတို့စိုက်ပျိုးရေးနဲ့ မွေးမြူရေးအတွက် မြေထပ်မံလိုတဲ့ အတွက်ကြောင့် အထက်ကို တင်ပြသွားမှာပါ။ အခုလက်ရှိတော့ သူတို့အိမ်ထောင်စု စာရင်းအားလုံး တင်ပြလာတာနဲ့ မြေကွက်တွေကို မဲနှိုက်စနစ်နဲ့ ပေးသွားမှာပါ'' ဟု ပြောသည်။
''ကျွန်တော်တို့ကို မြေကွက်ပေးတာက ပေ ၂၀-၃၀ မြေအကျယ် ပေးတာပါ။ ပြီးတော့ ကျွန်တော်တို့ နေရတာက ကျူးကျော်တွေရှိတဲ့ ကြားထဲက မြေနေရာမှာ နေရာရတာပါ။ တရားဝင် ပေးထားတာ ထက်ပိုပြီးတော့ ခိုင်လုံတာကို လိုချင်ပါတယ်'' ဟု ပြောင်းရွေ့သူ ကိုမြင့်စိန်က ပြောသည်။ သင်္ဃန်းကျွန်မြို့နယ်၊ မိကျောင်းကန် အပိုင်း (၁)၊ (၂)၌ တပ်ပိုင်မြေ ပေါ်တွင်ရှိသော အိမ်ခြေအလုံး ၂၀၀ ကျော်အား တပ်မြို့စည်ပင်မှ ဇွန် ၁၃ ရက်တွင် အင်အားသုံး ဖျက်ဆီးခဲ့သည်။
Credit Eleven

0 comments:
Post a Comment