Friday, June 21, 2013

ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်မှ အဖွဲ့ဝင်အချို့အား မုံရွာတရားရုံးက တရားစွဲဆိုရန် လက်ခံပြီး ဖမ်းဝရမ်းထုတ်ထားမှုနှင့် ပတ်သက်၍ ရှင်းလင်း


ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်မှ ကိုဝေမှူးသွင်၊ ကိုဝေဠုနှင့် Generation Wave အဖွဲ့မှ ကိုမိုဃ်းသွေးတို့အား နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုရန် မုံရွာရဲစခန်းမှ တာဝန်ရှိသူက လျောက်ထားမှုအား မုံရွာတရားရုံးမှ လက်ခံခဲ့ပြီး ဖမ်းဝရမ်းထုတ်ထားမှုနှင့် ပတ်သက်၍ ၎င်းတို့သုံးဦးမှ ဇွန် ၂၀ ရက်တွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံး၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ လက်ပံတောင်းတောင် ဒေသနှင့် ပတ်သက်၍ မေ ၁၀ ရက်က မုံရွာမြို့၌ ဒေသခံ သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ဖြေကြားမှုများသည် နိုင်ငံတော် အကြည်ညို ပျက်စေသော အသုံးအနှုန်းများ ထည့်သွင်း ပြောဆိုသည်ဟုဆိုကာ မုံရွာအမှတ် (၁) ရဲစခန်းမှ ရဲအုပ်ခင်ဇော်လတ်က တရားလိုပြု တိုင်ကြားမှုအား မုံရွာတရားရုံးမှ ဇွန် ၁၃ ရက်၌ ဖမ်းဝရမ်း ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မိမိတို့ မုံရွာသို့ သွားရောက်ခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁ အပိုဒ်ခွဲ(ဂ)အရ တာဝန်ရှိသည်ဟု ယုံကြည်၍ သွားရောက်ခြင်း ဖြစ်ကြောင်း၊ သွားရောက်သည့် အချိန်တွင် မုံရွာမြို့ မီဒီယာများနှင့် မတွေ့ဆုံမီ မုံရွာခရိုင် သတင်းတပ်ဖွဲ့မှ ခေါ်ယူမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့မေးမြန်းမှုများ ပြုလုပ်ရာတွင် မိမိတို့ လာရောက်သည့် ရည်ရွယ်ချက်မှာ လက်ပံတောင်းတောင် ဒေသ၌ ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များတွင် ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးရန် ပြောဆိုခဲ့ကြောင်း၊ သတင်းတပ်ဖွဲ့မှလည်း တစ်စုံတစ်ရာ အရေးယူမှု ပြုလုပ်ခြင်း မရှိခဲ့ဘဲ ယခုအခါမှသာ ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆို ထားသည်ဟု သိရခြင်း ဖြစ်ကြောင်း ဖမ်းဝရမ်း ထုတ်ခံထားရသူ ကိုဝေဠု၏ ပြောကြားချက်အရ သိရသည်။ တရားစွဲဆိုရန် ဖမ်းဝရမ်း ထုတ်ခံထားသူ သုံးဦးအနက် ကိုဝေဠုမှာ မီဒီယာများနှင့် အင်တာဗျူးစဉ် လက်ပံတောင်း ဒေသ၌ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မထုတ်ပြန်သင့်ဘဲ မိတ္ထီလာ၊ ရခိုင်ကဲ့သို့ ပဋိပက္ခ ဖြစ်စဉ်များတွင် ထုတ်ပြန်ပါက ကန့်ကွက်စရာ မရှိကြောင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်းနှင့် ကျန်နှစ်ဦးမှာလည်း မီဒီယာများသို့ ဖြေကြားမှု များကြောင့် ဖြစ်ပြီး မည်သည့် အချက်ကြောင့်ကိုမူ မသိရှိရကြောင်း ကိုဝေဠုက ဆိုသည်။ ''စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ဟာ လက်ပံတောင်းဒေသမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်တာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မဟုတ်ဘူး။ တည်ဆဲဥပဒေအရ ထုတ်ပြန်ထားတာ ဖြစ်တယ်။ ဒီလိုပြောဆိုခဲ့တဲ့ အတွက် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ ရှေ့ဆက်ရမယ့် လုပ်ငန်းတွေ ထိခိုက်ပြီးတော့ အကြည်ညို ပျက်စေလို့ တရားစွဲဆိုတယ်လို့ ပြောတယ်။ ကျွန်တော်ပြောတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ မထုတ်သင့်ဘူးလို့ ပြောတာနဲ့ သူတို့ပြောတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ထုတ်တာမဟုတ်ဘဲ တည်ဆဲဥပဒေအရ ထုတ်တာလို့ ပြောတာ စကားလုံး အနှစ်သာရ အဓိပ္ပာယ် ဘာကွာလို့လဲ'' ဟု ကိုဝေဠုက ပြောကြားသည်။ အုပ်ချုပ်ရေး မဏ္ဍိုင်မှ လိုအပ်နေသူများကို တရားရေးမဏ္ဍိုင် အနေဖြင့် စိစစ်ခြင်း မရှိဘဲ လိုအပ်သလို ၀ရမ်းထုတ်ပြန်ပေးမှုသည် မဖြစ်သင့်ကြောင်း၊ တရားရေး မဏ္ဍိုင်သည် အုပ်ချုပ်ရေး မဏ္ဍိုင်၏အောက်တွင် မရှိသင့်ကြောင်း ဖမ်းဝရမ်း ထုတ်ခံထားရသူ ကိုဝေမှူးသွင်က သုံးသပ်ပြောကြားသည်။ ယခုကဲ့သို့ ဖမ်းဝရမ်း ထုတ်ခံရမှုအား မည်ကဲ့သို့ တုံ့ပြန်မည်ကို ဆုံးဖြတ်ချက် မချရသေးကြောင်း၊ ဒီမိုကရေစီအသွင် ကူးပြောင်းနေသော နိုင်ငံတွင် တာဝန်သိ ပြည်သူတစ်ဦး အနေနှင့် နိုင်ငံကို ကူညီရန် ပြည်သူ့အသံများကို သူ့ကိုယ်စား ပြောပေးနေခြင်းဖြစ်ပြီး ပြစ်မှုတစ်ခု မဟုတ်ဟု ယုံကြည်ကာ အမှုအား ရင်ဆိုင်ရန်မရှိဘဲ သွားရောက် အဖမ်းခံမည် မဟုတ်ကြောင်း၊ မီဒီယာအား အင်တာဗျူး ဖြေသဖြင့် တရားစွဲဆိုမှုကို အံ့သြမိကြောင်း၊ ယခုကဲ့သို့ ဖြစ်စဉ်မှာ ၂၀၁၀ ခုနှစ်ရှေ့ပိုင်း ကာလများက ပြည်ပမီဒီယာများအား အင်တာဗျူး ဖြေသဖြင့် တရားစွဲဆို ထောင်ချသည့် ပုံစံမျိုး ဖြစ်နေကြောင်း ၀ရမ်းထုတ်ခံ ထားရသူ ကိုမိုဃ်းသွေးက ပြောကြားသည်။
Credit Eleven Media Group

0 comments:

Post a Comment