တော်ဝင် သစ်အချောထည် စက်ရုံမှ အလုပ်သမားများ၏ အမှုကို ဇွန် ၂၈ ရက်က
ရွှေပြည်သာမြို့နယ် တရားရုံးတွင် တတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ရာ
ဖမ်းဆီးခံထားရသည့် အလုပ်သမား ၁၄ ဦးအနက် အမျိုးသမီးငါးဦးကို
အာမခံပေးခဲ့ကြောင်း သိရသည်။
အင်းစိန် အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် အလုပ်သမား ၁၄ ဦးအနက် မလဲ့လဲ့ဝင်း၊ မအိဇာဖြူ ၊ မနော်ဖော်ဇင်းပယ်ဝါ၊ မမေသူနှင်း၊ မ၀င်းဝင်းတင်တို့အား အမျိုးသမီးများ ဖြစ်သည့်အတွက် အာမခံ ပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
"ပြီးခဲ့တဲ့ ရုံးချိန်းမှာ အလုပ်သမား ၁၄ ဦးစလုံးကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၇ (၁)(၂) အရ အာမခံပေးဖို့ လျှောက်ထားခဲ့ပါတယ်။ ဒီတစ်ပတ် ရုံးချိန်းမှာ အမိန့်ချတော့ အမျိုးသမီးငါးဦးပဲ အာမခံရတယ်။ ကျန်တဲ့လူတွေ အတွက်တော့ ပြန်လျှောက်ထားဖို့ ပြောပါတယ်။ အမျိုးသားတွေပါ အာမခံ လိုချင်ရင် မြောက်ပိုင်းခရိုင် တရားရုံးမှာ အယူခံဝင်ဖို့ ပြောပါတယ်။ ဘာဆက်လုပ်မယ် ဆိုတာကိုတော့ အလုပ်သမားတွေနဲ့ ဆွေးနွေးကြည့်ရ ဦးမှာပါ" ဟု ယင်းအမှုအား အလုပ်သမားများဘက်မှ လိုက်ပါဆောင်ရွက်နေသူ ရှေ့နေကိုအောင်သူရိန်ထွန်းက ဆိုသည်။
ယင်းအလုပ်သမား ၁၄ ဦးကို ပုဒ်မ ၄၅၂ (ပိုင်နက်ကျုးလွန်မှု)၊ ပုဒ်မ ၄၂၇ (အကျိုးဖျက်ဆီးမှု) ၊ ပုဒ်မ ၃၂၃ (မိမိအလိုအလျောက် နာကျင်စေမှု)၊ ပုဒ်မ ၁၁၄ (ပြစ်မှုကျူးလွန်စဉ် အားပေးကူညီမှု) တို့ဖြင့် အလုပ်ရှင်မှ တရားစွဲဆိုထားသည်။ ယခု အလုပ်သမား ၁၄ ဦးအပြင် နောက်ထပ်အလုပ်သမား ၂၇ ဦးကို တရားခံပြေးအဖြစ် ဖမ်းဝရမ်းထုတ်ထားပြီး လေးကြိမ်မြောက် ခေါ်ယူမည့် ဇွန် ၂၅ ရက်နေ့ ရုံးချိန်းတွင် တရားခံပြေး အမှုကိုပါ ထည့်သွင်းစစ်ဆေး သွားမည်ဟု သိရသည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလက စက်ရုံအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ နှစ်ဦးနှစ်ဖက် အပြန်အလှန် တရားစွဲဆို ထားခြင်းဖြစ်ပြီး အလုပ်သမားများဘက်မှ အလုပ်ရှင်အား စွဲဆိုထားသော ပုဒ်မ ၃၈၅ နာကျင်စေမှု၊ ပုဒ်မ ၂၉၄ ညစ်ညမ်းစွာ ဆဲဆိုမှုတို့ကိုမူ ဇွန် ၂၄ ရက်နေ့တွင် ရွှေပြည်သာမြို့နယ် တရားရုံး၌ ဒုတိယအကြိမ် ရုံးချိန်းခေါ်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။ တော်ဝင်သစ်အချောထည် စက်ရုံမှ အလုပ်သမား ၁၄ ဦးကို ဇွန် ၆ ရက်နေ့တွင် ရွှေပြည်သာမြို့နယ် တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ရာ အလုပ်သမားနှစ်ဦး သတိလစ် မူးလဲခြင်းကြောင့် ရွှေပြည်သာ ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရသည်။
Credit Eleven Media Group

0 comments:
Post a Comment