
နေအိမ်ဖယ်ရှား ခံရသည့် မိကျောင်းကန် အပိုင်း (၃) မှ မိသားစုအားလုံး အရှေ့ဒဂုံ မြို့သစ်သို့ ဇွန် ၁၈ ရက် မွန်းလွဲပိုင်းက အပြီးသတ် ပြောင်းရွှေ့သွားခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် အပိုင်း (၃) ဓမ္မာရုံတွင် ခိုလှုံနေထိုင်သည်မှာ သုံးရက်ခန့် ရှိပြီဖြစ်ပြီး စုစုပေါင်း လူဦးရေ ၁၅၀ ခန့် ရှိသည်။ နေထိုင်စဉ်အတွင်း စားဝတ်နေရေး၊ ကျန်းမာရေး၊ အထွေထွေကိစ္စ အ၀၀တို့ကို ဓမ္မာရုံမှ တာဝန်ယူ စောင့်ရှောက်ပေးကြောင်း သိရသည်။ "ကျွန်တော်တို့က ဒုက္ခရောက်နေသူတွေကို ကူညီပေးထားတဲ့ သဘောပါ။ သူတို့ရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးကအစ အားလုံးကို တာဝန်ယူ စောင့်ရှောက်ပေးထားတာပါ။ အများစုက မိန်းမနဲ့ ကလေးတွေပါ။ ကလေးတွေပါတော့ မိုးတွင်းလည်း ရောက်နေပြီဆိုတော့ ကျန်းမာရေးကို သေချာလေး ဂရုစိုက်ပေးပါတယ်" ဟု သင်္ကန်းကျွန်း ၁၆ ရပ်ကွက် အပိုင်း ၃ မှ လူငယ်တာဝန်ခံ ကိုဟန်စိုးထွန်းက ပြောသည်။ ဒဂုံမြို့သစ် အရှေ့ပိုင်း ၁၅၅ ရပ်ကွက်တွင် မိကျောင်းကန်မှ ဖယ်ရှားခံခဲ့ ရသူများကို ပေ ၂၀_၃၀ မြေကွက်များ၌ နေရာပြန်လည် ချထားပေးမည်ဖြစ်ကြောင်း သိရသည်။ "ကျောချစရာ နေရာလေး တစ်နေရာရရင် တော်ပါပြီ။ ဘာလုပ်ကိုင်စားသောက်မယ် ဆိုတာတော့ မစဉ်းစားရသေးပါဘူး။ အရင်တုန်းကတော့ ဟင်းရွက်တွေစိုက်၊ ပြန်ရောင်းပြီးတော့ ၀မ်းကျောင်းခဲ့ရတယ်" ဟု ဖယ်ရှားခံခဲ့ရသူ ဒေါ်ထီက ပြောသည်။
Credit Eleven Media Group









0 comments:
Post a Comment