ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်နှင့် ကန်ကြီးဒေါင့်မြို့နယ်အကြား ငဝန်မြစ်အနီးတွင် စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က ပြောကြားသည်။
ဒေသဖွံ့ဖြိုးရေးအတွက် စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်ရန် မြေယာများကို ဒေသခံ တောင်သူများနှင့် ဈေးညှိနှိုင်း ဝယ်ယူမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းအတွက် အသုံးပြုမည့် မြေဧက အကျယ်အဝန်းကိုမူ အတိအကျ မသိရှိသေးကြောင်း ၎င်းက ပြောဆိုသည်။
အဆိုပါစက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် Ayeyarwaddy Development Co.,Ltd က ချောင်းစောက်၊ ရှမ်းရွာ၊ ရှမ်းငူကျေးရွာ အတွင်းရှိ မြေဧက ၆၀၀၀ ကျော်ကို တစ်ဧကလျှင် ကျပ်သိန်း နှစ်ဆယ်ဖြင့် ဝယ်ယူလိုသော်လည်း တောင်သူများက လက်မခံဘဲ သက်ဆိုင်ရာ အစိုးရအဖွဲ့ထံသို့ ဇူလိုင်လ ၂၁ ရက်နေ့က ကန့်ကွက်စာ လက်မှတ်ရေးထိုး တင်ပြထားကြောင်း ရှမ်းငူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းက ပြောဆိုသည်။
“သိန်း ၂၀ မပြောနဲ့ သိန်း ၅၀ ဆိုရင်တောင် သဘောမတူဘူး” ဟု Ayeyarwaddy Development Co.,Ltd က ဝယ်ယူလိုသည့် မြေဧရိယာအတွင်း ပါဝင်နေသည့် လယ် ၁၀ ဧက ပိုင်ဆိုင်သူ ဦးမြင့်ကြည်က ၎င်း၏သဘောထားကို ပြောဆိုသည်။
အဆိုပါလယ်မြေများမှာ ယခင်စီမံကိန်း အစီအစဉ် မရှိစဉ်က တစ်ဧကလျှင် ကျပ်ခြောက်သိန်း၊ ခုနစ်သိန်း ဝန်းကျင်သာရှိပြီး ရေနက်စီမံကိန်းကြောင့်သာ ယခုကဲ့သို့ ဈေးခေါ်လာခြင်း ဖြစ်ကြောင်း ပုသိမ်မြို့ခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။
လွန်ခဲ့သည့်နှစ် ၂၀ ခန့်က ပုသိမ်မြို့ ကျောက်ငူရပ်ရှိ ပိုလန်ဆိပ်ကမ်း တွင် နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောများ ဝင်ထွက်၍ ကုန်စည်စီးဆင်းမှုများ ရှိသော်လည်း ပုသိမ်မြစ်ကြောင်း (ငဝန်မြစ်) တိမ်ကောလာမှုကြောင့် နောက်ပိုင်းတွင် အဆိုပါ ဆိပ်ကမ်းကို အသုံးပြုခြင်း မရှိတော့သည့်အတွက် ပုသိမ်မြစ်ဝအနီးတွင် ရေနက်ဆိပ်ကမ်း ပြန်လည် အကောင်အထည် ဖော်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
Credit The Voice Weekly

0 comments:
Post a Comment