ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် မိုးရွာသွန်းမှု နည်းပါးပြီး စိုက်ပျိုးရေ မရရှိသောကြောင့် တောင်သူလယ်သမားများသည် စပါးဧက သောင်းချီ မစိုက်ပျိုးနိုင်သည်မှာ တစ်လကျော်သွားပြီ ဖြစ်ကြောင်း ယင်းမြို့နယ် တောင်သူများက တညီတညွှတ်တည်း ပြောကြားသည်။
ကျိုင်းတုံမြို့နယ်တွင် မိုးစပါးစိုက် ဧက ၅၀,၃၆၄ ဧကရှိရာ ဧက ၁၅,၀၉၆ ခန့်သာ စိုက်ပျိုးပြီးစီးကြောင်း ကျိုင်းတုံမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
“မိုးစပါးက ပုံမှန်ဆို ဇွန်လမှာ အကုန် စိုက်ပြီးပြီ၊ ဇွန်လမှာ မိုးကြီး မရွာလို့ ဘယ်တောင်သူမှ မစိုက်နိုင်ဘူး၊အခု စိုက်ပြီးတဲ့ တောင်သူတွေ က ချောင်းမြောင်းတွေကနေ ရေတင်ပြီး စိုက်ကြတာ” ဟု တောင်သူ ဦးမြင့်အောင်က The Voice သို့ ပြောကြားသည်။
ကျိုင်းတုံမြို့နယ်တွင် ဇွန်လအတွင်း မိုးရွာသွန်းရက် ၉ရက်သာ ရှိခဲ့ပြီး စုစုပေါင်း မိုးရေချိန်မှာ ၃ ဒသမ ၉ လက်မသာ ရှိကြောင်း ကျိုင်းတုံခရိုင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဦးအောင်ကိုကိုက The Voice သို့ ပြောဆိုသည်။
ယင်းမြို့နယ်အတွင်းမှ ထွက်ရှိသည့် စပါးများကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ခဲ့ပြီး စပါး အထွက်နှုန်း နည်းသွားမည် ဆိုပါက ဝယ်လိုအားအပေါ် မူတည်၍ စပါး ဈေးနှုန်းများ မြင့်တက်နိုင်ဖွယ် ရှိကြောင်း ယင်းမြို့နယ်မှ ဆန်စပါး ကုန်သည်များ၏ အဆိုအရ သိရသည်။
ယင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးအောင်ကျော်မင်းက “ဒီနှစ်က မိုးစပါး စိုက်နိုင်တဲ့ တောင်သူက နည်းတော့ စပါး အထွက်နှုန်းက အရင်နှစ်ထက် နည်းမှာကတော့ သေချာတယ်၊ မိုးစပါး မစိုက်ဖြစ်တော့တဲ့ တောင်သူတွေကို အစားထိုး သီးနှံဖြစ်တဲ့ ပဲပုပ်နဲ့ သင့်တော်မယ့် သီးနှံတွေ စိုက်နိုင်ဖို့ ပညာပေး စည်းရုံးထားတယ်” ဟု ဆိုသည်။
၂၀၁၂-၂၀၁၃ ခုနှစ် စိုက်ဧကတွင် ၅၀,၂၆၂ ဧက ရိတ်သိမ်းနိုင်ပြီး စပါးတင်းပေါင်း ၄,၁၈၄,၆၅၀ တင်း ထွက်ရှိကာ ဆင်းဧကရီ ၃ အမျိုးအစားကို အဓိက စိုက်ပျိုးပြီး ဆင်းရွှေဝါနှင့် ပုလဲသွယ်ကိုလည်း စိုက်ပျိုးကြောင်း ယင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်နိုင်(သီလဝ)
Credit The Voice Weekly

0 comments:
Post a Comment