မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ပင်လိန်အလယ်ကျေးရွာသားများနှင့်
မူလပိုင်ရှင် လယ်သမားတို့ အကြား လယ်ယာမြေ အငြင်းပွားမှု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်းယင်းပြဿနာ
ဖြစ်ပွားသူများထံမှ သိရသည်။
ထိုအငြင်းပွားမှုတွင်
ပြင်ဦးလွင်မြို့ ပင်လိန်အလယ်ကျေးရွာအုပ်စု ရွာသားများနှင့် ဆေးတစ်လုံးကျေးရွာမှ တောင်သူ
ဦးသောင်းကြွယ်တို့အကြား လယ်ယာမြေ အငြင်းပွားမှု ဖြစ်ပွားကြခြင်းဖြစ်သည်။
“ကျနော်တို့
ပင်လိန်ရွက် ဒေသခံတွေက ထူးကမ္ပဏီကနေပြီး လယ်သုံးဧကကို ရေထိန်းတာအတွက် လိုအပ်လို့ ရွာအတွက်
ချန်ပေးပါဆိုပြီး မေတ္တာရပ်ခံလို့ ထူးကမ္ပဏီကို ရောင်းချထားပြီးသားပါ”ဟု ပင်လိန်ကျေးရွာ
အုပ်ချုပ်ရေးမှူး ဦးလှမြိုင်က ပြောသည်။
ထိုသို့လယ်ယာမြေ
အငြင်းပွားမှုတွင် ဆေးတစ်လုံးရွာသား ဦးတင်အေးက ပြောကြားရာတွင် “ကျနော်တို့ ထူးကမ္ပဏီကို
ရောင်းတာ (၂၃)ဧကကိုပဲ ရောင်းတာ။ ရှိတာက (၂၆)ဧက ရှိတာပါ။ ကျနော်တို့က ကျန်တဲ့ (၃)ဧကမှာ
ဝင်ပြီး လုပ်ကိုင်ကြတာပါ” ဟု ပြောသည်။
ထိုသို့ဝင်ရောက်
လုပ်ကိုင်ကြသော တောင်သူများမှ ခြံခတ်ထားသော အုတ်တံတိုင်းနှင့် သံတံခါးများအား ဖျက်ဆီးခဲ့ပြီး
စိုက်ပျိုးထားသော ပြောင်ဖူးပင်များကိုလည်း ဖျက်ဆီးကာ နံနက် (၇း ၃၀) အချိန်တွင် လူဦးရေ
(၂၀)၊ ကျွဲ (၈) ကောင်တို့ဖြင့် ၀င်ရောက်ထွန်ယက် စိုက်ပျိုးသွားကြခြင်းဖြစ်ကြောင်း ပင်လိန်အလယ်ကျေးရွာသားများက
ပြောကြသည်။
“ကျနော်တို့က
ဒီမြေသုံးဧကကို ရောင်းပြီး ကျေးရွာအတွက် လိုအပ်နေတဲ့ စာသင်ကျောင်း ဆောက်လုပ်ကြတာပါ။
ဒီလိုရောင်းချဖို့အတွက်လည်း ကျေးရွာမှာ ရှိတဲ့ ရွာသားတွေအားလုံး သဘောတူ လက်မှတ်ထိုးပြီးမှ
ရောင်းတာပါ” ဟု ပင်လိန်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
အဆိုပါ
အငြင်းပွားနေသော လယ်သုံးဧကသည် ယနေ့အထိ ဦးသောင်းကြွယ်၏ အမည်ဖြင့်သာ မြေစလစ် ထွက်နေသေးကြောင်းနှင့်
ယနေ့အချိန်အထိ မည်သူ့ကိုမျှ ရောင်းချထားခြင်း မရှိသေးကြောင်း၊ ပင်လိန်ကျေးရွာမှ ကျေးရွာဘုံမြေအဖြစ်
သိမ်းယူထားခြင်း ဖြစ်ကြောင်း ဆေးတစ်လုံးကျေးရွာ ဒေသခံ တဦးက ပြောသည်။
အငြင်းပွားမှု
ပြဿနာဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာ နယ်ထိန်းအဖွဲ့မှ တာဝန်ရှိသူများ လာရောက် မှတ်တမ်းယူခဲ့ကြကြောင်းနှင့်
ထွန်ယက်စိုက်ပျိုးကြသောသူများမှာလည်း နံနက် (၁၀)နာရီအချိန်အတွက် ပြန်လည် ထွက်ခွာသွားခဲ့ကြကြောင်း
သိရသည်။
Credit
The Myanmar Age









0 comments:
Post a Comment