အလုပ်သမားများ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သက်ဆိုင်သော ဥပဒေမူကြမ်းတစ်ရပ်ကို ရေးဆွဲနေပြီး ယင်းဥပဒေကို လွှတ်တော်တင်ရန် ဆောင်ရွက်သွားမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနပြည်ထောင်စုဒုတိယ၀န်ကြီး ဦးမြင့်သိန်းက ပြောသည်။
ဒုဝန်ကြီး ယင်းသို့ ပြောကြားခြင်းမှာ ရန်ကုန်မြို့၊ ရှစ်မိုင်လမ်းဆုံရှိ ဟိုတယ်ရန် ကုန်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစနစ် မြှင့်တင်ရေးဆိုင်ရာ မူဝါဒရေးရာ အကြံပြုဆွေးနွေးပွဲ တွင်ပြောကြားခြင်း ဖြစ်သည်။
လက်ရှိ ကျင့်သုံးနေသည့် ၁၉၅၁ ခုနှစ်က ပြဋ္ဌာန်းထားသည့် စက်ရုံ၊ အလုပ်ရုံဥပဒေသည် စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများနှင့် သက်ဆိုင်သော ဥပဒေဖြစ်ပြီး ယခုရေးဆွဲနေသော လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်း ရှင်းရေးနှင့် သက်ဆိုင်သည့် ဥပဒေမှာမူ အလုပ်သမားများ အားလုံးနှင့် သက်ဆိုင်မည် ဖြစ်သည်။
ဥပဒေမူကြမ်း ရေးဆွဲပြီးပါက အလုပ်ရှင်၊ အလုပ်သမားများ၏ အကြုံပြု ဆွေးနွေးချက်များကို ရယူပြီး လာမည့် ၂၀၁၄ ခုနှစ်အတွင်းတွင် လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်သည်ဟု ဒုဝန်ကြီးက ပြောသည်။
ဒုဝန်ကြီးက “၁၉၅၁ ခုနှစ် အလုပ်ရုံဥပဒေက စက်ရုံ၊ အလုပ်ရုံတွေအတွက်ပဲ ထုတ်ပြန်ထားတာ၊ အခု လုပ်ငန်းခွင် ကျန်းမာရေးကိုပါ အသစ်ထပ်တိုးချဲ့ ရေးဆွဲထားတယ်၊ ဥပဒေသစ်က နောက်နှစ်လယ်လောက်မှ ပိုပြီး ပီပြင်လာမှာ၊ ဥပဒမထွက်ခင် အမိန့်နဲ့ စစ်နေရတယ်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ဥပဒေနဲ့ဆင်တဲ့ အမိန့်နဲ့ စက်ရုံ၊ အလုပ်ရုံတွေကို လိုက်ထိန်းသိမ်းနေတယ်”ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သည့် လူဦးရေမှာ နိုင်ငံလူဦးရေ၏ ၆၆ ရာခိုင်နှုန်းကျော်ရှိနေရာ အလုပ်သမားများ ထိခိုက်မှု လျော့နည်းမှ သာ ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံများ ဖွံဖြိုးတိုးတက်လာမည် ဖြစ်ပြီး လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် လုပ်သားများအတွက် ရည်ရွယ်၍ ယင်းဥပဒေကို ရေးဆွဲရ ခြင်း ဖြစ်သည်ဟုလည်း ဒုဝန်ကြီးက ဆိုသည်။
၎င်းက “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ်၊ ပြည်တွင်းမှာ စက်ရုံတွေသာ တိုးလာပြီး လုပ်ငန်းခွင် ကျန်းမာရေးမရှိဘဲ စက်ရုံတွေထဲမှာ လှောင်ပိတ်နေ မယ်၊ လေကောင်းလေသန့် မရဘူး၊ စက်ရုံထွက်အမှုန် အမွှားတွေကဘေး အန္တရာယ်ဖြစ်နေမယ်ဆိုရင် နိုင်ငံတကာရဲ့ ယုံကြည်မှုလျော့သွားမှာ ပဲ”ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကြောင့် အလုပ်သမား ထိခိုက်မှုများနေသည်ဟုဆိုသော အာဆီယံနိုင်ငံများ၏ အမြင်အပေါ် ဒုဝန်ကြီးက အသိအမှတ်ပြု လက်ခံသည်ဟုလည်း ဆိုပြီး လက်ရှိ မြန်မာနိုင်ငံတွင်း လုပ်ငန်းခွင်ကျန်းမာရေး ထိခိုက်မှုအပေါ် အလုပ်သမားများ၏ စိုးရိမ်မှုလည်း မြင့်တက်နေသည် ဟု ဒုဝန်ကြီးက ဆိုသည်။
မြန်မာနိုင်ငံ၏ လုပ်ငန်းခွင်ဆိုင်ရာ ကျန်းမာရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ကိုရီးယားနိုင်ငံကလည်း ကူညီပေးမည်ဖြစ်သည့်အပြင် ယင်းဥပဒေ မူကြမ်း ရေးဆွဲခြင်းနှင့် ပတ်သက်၍လည်း ကူညီပေးမည်ဖြစ်သည်ဟု ၀န်ကြီးဌာနမှ သိရသည်။
အေးမြင့်စန်း
Credit Mizzima

0 comments:
Post a Comment