Friday, August 02, 2013

အဖမ်းခံရသည့်သားကို တွေ့ပြီးအပြန် ဖခင်ဖြစ်သူ ရုတ်တရက်သေဆုံး


ဧရာတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ခနွဲကပိုကျေးရွာရှိ ဖိုးလမင်း ကုမ္ပဏီပိုင်အင်းအတွင်း ငါးခိုးဖမ်းသည်ဟု စွပ်စွဲ၍ အဖမ်းခံထားရသော သားဖြစ်သူ ရေလုပ်သားကို ရဲစခန်းတွင် သွားရောက် တွေ့ဆုံပြီး အပြန်တွင် ဖခင်ဖြစ်သူ ရုတ်တရက် သေဆုံးသွားကြောင်း ခနွဲကပိုကျေးရွာသား ဦးသိန်းဝင်းက ပြောကြားသည်။

ခနွဲကပိုကျေးရွာ နေထိုင်သော ရေလုပ်သား ၂၂ ဦးကို ဇူလိုင်လ ၃၀ ရက်နေ့တွင် ဖိုးလမင်းကုမ္ပဏီက အင်းကိစ္စများ ညှိနှိုင်းဖြေရှင်းရန်အတွက် ပန်းတနော်မြို့နယ် ရဲစခန်းသို့ လာရောက်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးက တစ်ဆင့် အကြောင်းကြားခဲ့၍ ရေလုပ်သားများ သွားရောက် ဖြေရှင်းရာတွင် မြို့နယ်ရဲစခန်းက ငါးခိုးမှုဖြင့် ယင်းရေလုပ်သားများကို ဖမ်းဆီးထားလိုက်ကြောင်း ခနွဲကပိုကျေးရွာသား ဦးသိန်းဝင်းက ဆိုသည်။

သြဂုတ်လ ၁ ရက်နေ့တွင် အဖမ်းခံနေရသည့် သားဖြစ်သူ ကိုဇော်မိုးကို ရဲစခန်းတွင် သွားရောက်တွေ့ဆုံသည့် ဖခင်ဖြစ်သူ ဦးရွှေသီးမှာ ရွာသို့ ပြန်အရောက်တွင် ဒေသအခေါ် လေတဆို့ (လေတစ်ဆို့) အမောဖောက်ပြီး ရုတ်တရက် သေဆုံးသွားသည်ဟု ၎င်းကဆိုသည်။

အဖမ်းခံရသော ရေလုပ်သား ကိုဇော်မိုး၏ ဖခင်ဖြစ်သူ ဦးရွှေသီးမှာ သြဂုတ်လ ၁ ရက်နေ့ နံနက် ၁၀ နာရီ ဝန်းကျင်ခန့်က သေဆုံးသွားကြောင်း၊ ၎င်းတွင် ရောဂါအခံရှိကြောင်း ခနွဲကပိုကျေးရွာ ရဲစခန်းက စခန်းမှူးရဲအုပ် ဦးစန်းယုနိုင်က ပြောကြားသည်။

ခနွဲကပိုကျေးရွာအုပ်စု အတွင်းရှိ စုစုပေါင်းလယ်မြေဧက ၉၁၀ ခန့်ကို ၁၉၉၀ ပြည့်နှစ်တွင် ဖိုးလမင်းကုမ္ပဏီက သိမ်းယူထားခဲ့ပြီး အင်းလုပ်ငန်း လုပ်ကိုင်ခဲ့ကြောင်း၊ အင်းပိုင်ရှင် ဖမ်းဆီးပြီး ကြွင်းကျန်ရစ်သော ငါးများကို ကျေးရွာအုပ်ချုပ်ရေးမှူး၏ သမကောက်ခွင့် လက်မှတ်ဖြင့် ဖမ်းဆီးသူ ၂၇ ဦးကို အင်းပိုင်ရှင် ဦးကြည်ငြိမ်းက ၎င်းပိုင်သော အင်းအတွင်း ငါးဖမ်းသည်ဟုဆိုကာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် ခနွဲကပိုကျေးရွာ ရဲစခန်းတွင် တိုင်ကြားထားကြောင်း ၎င်းကဆိုသည်။

The Voice Weekly

0 comments:

Post a Comment