Friday, August 02, 2013

ရေကြည်၌ လယ်ဧကတစ်သောင်းကျော်နှင့် လူနေအိမ်များ ရေနစ်မြုပ်


ပုသိမ်ခရိုင် ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့နယ်ခွဲ သီတာကုန်းပြင် တိုက်နယ်နှင့် အနီးတစ်ဝိုက်ကျေးရွာအုပ်စု ၁၄ အုပ်စု၌ ဇူလိုင်လ၂၉ ရက်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် လူနေအိမ်များနှင့် လယ်မြေဧက တစ်သောင်းကျော် စပါးပင်များ ရေနစ်မြုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

သီတာကုန်းပြင် တိုက်နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ လက်ပံပင်ရွာ၊ ကုန်းပြင်ရွာ၊ ကျောက်ချောင်းရွာ၊ ဂွေးတောက်ရွာ၊ ကွင်းချောင်းရွာ၊ ဖန်ခါးပင်ရွာ၊ ညောင်ပင်သာရွာ၊ ပန်းပုကွင်းရွာ၊ သက္ကာယ်ပြင်ရွာ၊ ရွာသစ်ကြီးရွာ၊ ကတ်ကူကြီးရွာ၊ ကတ်ကူလေးရွာ၊ မိတ်သလင်ရွာနှင့် ရေနံ့သာရွာ စသည့် ဒေသများမှ လယ်များ ရေမြုပ်နေခြင်းဖြစ်ရာ ရက်ရှည် ရေနစ်မြုပ်ပါက စပါးစိုက်ခင်းများ ပျက်စီးနိုင်သဖြင့် စိုးရိမ်ဖွယ် အခြေအနေ ရှိကြောင်း တောင်သူများက ပြောဆိုသည်။

ရေကြည်မြို့နယ်နှင့် ငသိုင်းချောင်းမြို့နယ်ခွဲအတွင်း မိုးစပါးစိုက်ဧက တစ်သိန်းကျော်ရှိပြီး ရေမြုပ်ဧက အတိအကျကိုမူ မသိရှိရသေးကြောင်း ရေကြည်မြို့နယ် လယ်ယာစိုက်ပျိုးရေး မန်နေဂျာရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

အလားတူပင် အင်္ဂပူမြို့နယ် ကွင်းကောက်မြို့၌လည်း လယ်မြေများအတွင်း စပါးပင်များ ရေနစ်မြုပ်လျက် ရှိကြောင်း ဒေသခံများထံမှ သိရသည်။
Credit The Voice Weekly

0 comments:

Post a Comment