ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ရခိုင်ချောင်ကျေးရွာအုပ်စုရှိ တပ်သိမ်းလယ်ယာမြေတွေပေါ်က လယ်သမားတွေကို ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ အာဏာပိုင်တွေက သတိပေးထားတယ်လို့ သိရပါတယ်။
ဖယ်ရှားမှုမလုပ်တဲ့ သူတွေကို ဧရာဝတီ ရေတပ် စခန်းဌာနချုပ် ရဲ့ ရေတပ်ပင်မ လက်နက်ခဲယမ်း မီးကျောက်တပ် (ရခိုင်ချောင်ဒေသ) ကနေ လက်နက်အသုံးပြုပြီး ဖယ်ရှားနိုင်တယ်ဆိုပြီး ပြောဆိုကြတယ်လို့ ဒေသခံလယ်သမား တစ်ဦး ဖြစ်တဲ့ ဦးနိုင်ထွန်းကပြောပါတယ်။
ရခိုင်ချောင် ကျေးရွာ အုပ်စု မှာ ရှိတဲ့ လယ်မြေဧက ၅၀၀ ကို ၁၉၉၀ က စစ်တပ် က သိမ်းစည်းထားပြီး သီးစားချထားရာကနေ ခုအခါမှာ ပြောင်းရွေ့ဖို့ အာဏာပိုင်တွေ က ပြောလာတာဖြစ်ပါတယ်။
ဒီမြေပေါ်မှာ နှစ်ပေါင်းများစွာ လုပ်ကိုင်စားသောက်ကြတဲ့ လယ်သမားတွေ အနေနဲ့ ပြောင်းရွေ့မှုတွေ လုပ်ရတဲ့ အတွက် နေစရာနဲ့ လုပ်ကိုင်စားသောက်စရာ မရှိအောင် ဖြစ်ရတယ်လို့ ဒေသခံလယ်သမားတွေ ကပြောပါတယ်။
တပ်ကစီမံကိန်း မလုပ်တော့တဲ့ မြေတွေကို မှုလပိုင်ရှင် လယ်သမားတွေကိုပြန်ပေးမယ် ပြောပေမဲ့ လက်တွေ့ မှာတော့ တခြားစီ ဖြစ်နေတယ်လို့လည်း ဒလမြို့နေ လယ်သမား တစ်ဦးကပြောပါတယ်။
ရခိုင်ချောင်ဒေသက လယ်သမားတွေက သူတို့ရဲ့နစ်နာမှုတွေ နဲ့ ပတ်သက်ပြီးသမ္မတနဲ့ စစ်ရုံးကို ဖြေရှင်းပေးဖို့ အသနားခံစာ တင်ပြထားသလို လယ်ယာမြေတွေ ပေါ်က ဖယ်ရှားပေးရမဲ့ အရေးအတွက် လွှတ်တော် ကိုလည်း တင်ပြထားတယ်လို့ ဦးနိုင်ထွန်းကပြောပါတယ်။
စစ်တပ်က သိမ်းဆည်းထားတဲ့ မြေပမာဏဟာ ဧက ၂၉၇,၀၀၀ ကျော်ရှိ ပြီး ၁၆ ပုံတစ်ပုံဖြစ်သည့် ဧက ၁၈,၃၀၀ ကျော်ကိုသာ ပြည်သူတွေကို ပြန်ပေးမယ် ဆိုပြီးတော့ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးဝေလွင်က လွှတ်တော်အမတ်များတွေကို ကတိပေးပြောခဲ့တာဖြစ်တဲ့ အကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် တင်ထွဋ်နိုင်က သတင်းပေးပို့ထားပါတယ်။
Credit ABC Radio Australia
0 comments:
Post a Comment