လယ်ယာမြေ သိမ်းဆည်းခံရမှုများကို ကာကွယ်စောင့်ရှောက်ပေးမည့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကြမ်းကို သြဂုတ် ၂၈ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။
အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ ရေးဆွဲကာ ပြည်သူ့လွှတ်တော်သို့ စတင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်တွင် သြဂုတ် ၇ ရက်က ဆွေးနွေးကာ အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
သြဂုတ် ၂၈ ရက်တွင် အမျိုးသားလွှတ်တော်၌ ဆွေးနွေးပြီး ပြည်သူ့လွှတ်တော်သို့ ပြန်လည်ရောက်ရှိလာသော တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကြမ်းကို ပြန်လည်ဆွေးနွေးကာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်က "ဒီဥပဒေမှာ အခန်းငါးခန်း ရှိတယ်။ ဒီဥပဒေရဲ့ ရည်ရွယ်ချက်ထဲကို အမျိုးသားလွှတ်တော် ဘက်ကနေ အချက်တစ်ချက်ကို ထပ်ဖြည့်လိုက်တယ်။ မူလက ရည်ရွယ်ချက်မှာ အချက်လေးချက် ရှိတယ်။ တစ်အချက်က တောင်သူလယ်သမားတွေ အရင်းအနှီး ချေးငွေရရှိရေး၊ နှစ်အချက်က စိုက်ပျိုးရေး နည်းပညာ၊ သွင်းအားစု ပံ့ပိုးကူညီရေး၊ သုံးအချက်က ထွက်ရှိလာတဲ့ သီးနှံတွေ ဈေးနှုန်း၊ ဈေးကွက် ရရှိရေး၊ လေးအချက်က လုပ်ကွက်ငယ် အခြေခံကျတဲ့ တောင်သူလယ်သမားတွေကို အဓိကထားပြီး ကာကွယ်စောင့်ရှောက်ရေး ဖြစ်ပါတယ်။ သူတို့ ထပ်ထည့်လိုက်တာက သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာတဲ့ တောင်သူလယ်သမားတွေကို ကာကွယ်ရေးဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီကိစ္စတွေကို အကောင်အထည်ဖော်ဖို့ ဦးဆောင်အဖွဲ့ဆိုတာ ဖွဲ့စည်းရမယ်။ ၀န်ကြီးဌာနတွေ အနေနဲ့ ပြောရရင် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စီးပွားကူးသန်း ၀န်ကြီးဌာန သုံးခုပါမယ်။ ကျန်တာက တောင်သူလယ်သမား အသင်းအဖွဲ့တွေ ပါမယ်။ ဒီအဖွဲ့က တောင်သူလယ်သမားအကျိုး ကာကွယ်စောင့်ရှောက်ဖို့ ဆောင်ရွက်ကြရပါမယ်" ဟု ပြောကြားသည်။
"လယ်ယာမြေ သိမ်းဆည်းခံရမှုကြောင့် တောင်သူလယ်သမားတွေ နစ်နာရင် ဒီဥပဒေအရ ဖွဲ့စည်းတဲ့ ကော်မတီကို တိုင်ကြားရင် ကာကွယ်ပေးဖို့၊ တာဝန်ယူ ဆောင်ရွက်ပေးဖို့ ပါပါတယ်" ဟု ဦးစိုးနိုင်က ဆိုသည်။
တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှ အတည်ပြုနိုင်ခဲ့သဖြင့် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး အတည်ပြု ထုတ်ပြန်နိုင်ရန် သြဂုတ် ၂၈ ရက်တွင် ပေးပို့သွားမည်ဟု ဦးစိုးနိုင်က ဆက်လက်ပြောကြားသည်။
Credit Eleven Media Group
0 comments:
Post a Comment