မြန်မာနိုင်ငံတွင် စက်မှုဇုန်များ ဖော်ထုတ်တည်ဆောက်ရာ၌ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်၍ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက မင်္ဂလာဒုံ စက်မှုဇုန်၌ လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ညွှန်ကြားခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်မြေကွက် ရယူထားသူများအား မြေကွက်တန်ဖိုး အကျေမပေးသွင်းပါက ၀ယ်ယူခွင့် ပယ်ဖျက်မည်ဖြစ်ပြီး ပေးသွင်းထားသည့်ငွေများ ပြန်အမ်းပေးမည် ဖြစ်ကြောင်းလည်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဇူလိုင်လ အတွင်းက ထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင် ထူထောင်ပြီး စက်မှုဇုန်များ၌ မြေကွက်တန်ဖိုး အကျေမပေးသွင်းထားသည့် မြေကွက်များနှင့် ၀ယ်ယူပြီး မည်သည့်စက်မှုလုပ်ငန်းမှ မတည်ထောင်သော မြေကွက်အများအပြား ရှိကြောင်းနှင့် စက်မှုဇုန်မြေကွက်များ အဆမတန် မြင့်မားမှုကြောင့် အမှန်တကယ် စက်မှုလုပ်ငန်း တည်ထောင်လိုသော ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ အခက်အခဲ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရာတွင် တင်ဒါစည်းကမ်းချက်များနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားချက် အမှတ် ၁/၂၀၁၃ ကို ၂၀၁၃ ခုနှစ် ဧပြီ ၅ ရက်က ထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။
ထူထောင်ပြီး စက်မှုဇုန်များ၌ မြေကွက်တန်ဖိုး အကျေမပေးသွင်းထားသည့် မြေကွက်များနှင့် ၀ယ်ယူပြီး မည်သည့်စက်မှုလုပ်ငန်းမှ မတည်ထောင်သော မြေကွက်အများအပြား ရှိကြောင်း . . . . .
ရန်ကုန်မြို့တွင် အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ ခရိုင်လေးခု ခွဲခြားထားသော စက်မှုဇုန်များ ရှိနေပြီး အဆိုပါ စက်မှုဇုန်များမှာ မင်္ဂလာဒုံ စက်မှုဥယျာဉ်၊ ရွှေလင်ပန်း စက်မှုဇုန်၊ ဒဂုံဆိပ်ကမ်း စက်မှုဇုန်၊ ဒဂုံအရှေ့ပိုင်း စက်မှုဇုန်၊ လှိုင်သာယာ စက်မှုဇုန် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ မြောက်ဒဂုံ စက်မှုဇုန်၊ တောင်ဒဂုံ စက်မှုဇုန်၊ မြောက်ဥက္ကလာပ စက်မှုဇုန်၊ ရွှေပြည်သာ စက်မှုဇုန် ၁၊ ၂၊ ၃၊ ၄၊ သာဓုကန် စက်မှုဇုန်၊ တောင်ဥက္ကလာပ စက်မှုဇုန်၊ သာကေတ စက်မှုဇုန်နှင့် အခြားစက်မှုဇုန်များ ဖြစ်သည်။ စက်မှုဝန်ကြီးဌာန၏ ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်း ထုတ်ပြန်ချက်များအရ ရန်ကုန်အရှေ့ပိုင်းခရိုင် စက်မှုဇုန်တွင် မြေ ၃၁၇၉ ဧက ရှိနေပြီး စက်ရုံများနှင့် လုပ်ငန်းပေါင်း ၃၃၁၉ ရုံရှိကြောင်း သိရသည်။
ရန်ကုန်အနောက်ပိုင်းခရိုင် စက်မှုဇုန်တွင် မြေဧကထုတ်ပြန်ဖော်ပြမှု မရှိသော်လည်း စက်ရုံများနှင့် လုပ်ငန်းပေါင်း ၆၅၉ ရုံရှိကာ ရန်ကုန်မြောက်ပိုင်းခရိုင် စက်မှုဇုန်တွင် မြေ ၂၄၃၆ ဧကရှိနေပြီး စက်ရုံများနှင့် လုပ်ငန်းပေါင်း ၆၂၅ ရုံ ရှိကြောင်းလည်း သိရသည်။
ရန်ကုန်မြို့ရှိ စက်မှုဇုန်များတွင် လုပ်ငန်းလည်ပတ်မှု မရှိသည့် စက်မှုဇုန်များ များပြားနေသဖြင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန်မြေများ ရယူထားပြီး သုံးနှစ်အတွင်း အကောင်အထည် ဖော်ဆောင်မှု မရှိပါက တည်ဆဲဥပဒေအရ စက်ရုံ၊ အလုပ်ရုံ တည်ထောင်ထားမှု မရှိသည့် စက်မှုဇုန်မြေကွက်များကို ပြန်လည်သိမ်းယူနိုင်ကြောင်း လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန် စီမံခန့်ခွဲရေးရုံးတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များမှ စက်မှုလုပ်ငန်းရှင်များနှင့် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းတို့ မတ်လအတွင်း တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်းလည်း သိရသည်။
Credit Eleven Media Group

0 comments:
Post a Comment