
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ပါဝင်သွားသည့် စိုက်ပျိုးမြေများအတွက် မြေယာလျော်ကြေးများ၊ နှစ်ရှည်သီးနှံပင်များ အတွက် သီးနှံနစ်နာကြေးများနှင့် ဒေသခံ တောင်သူပိုင် မြေအောက်ရေတွင်းများ အတွက် လျော်ကြေးများကို လာမည့် စက်တင်ဘာ ၃၀ ရက်တွင် နောက်ဆုံးထား ထုတ်ယူရမည် ဖြစ်ကြောင်း သြဂုတ် ၈ ရက် ည ၈ နာ ရီ မြန်မာ့ရုပ်မြင်သံကြား၏ သတင်းကြေညာချက်အရ သိရသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် မြေယာ၊ နှစ်ရှည် သီးနှံပင်နှင့် မြေအောက်ရေတွင်းများ အတွက် လျော်ကြေးများကို ၂၀၁၃ ခုနှစ် မတ် ၁၆ ရက်မှ စတင်၍ ဆားလင်းကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အုပ်ချုပ်ရေးရုံးတွင် စတင်ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိလျော်ကြေးများ ပေးနေသည်မှာ ငါးလခန့် ကြာမြင့်နေပြီ ဖြစ်ကြောင်း၊ လျော်ကြေးများ၊ နစ်နာကြေးများ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် သိမ်းဆည်းမြေယာများ စိစစ်ရေးအဖွဲ့သည် ဆားလင်းကြီးမြို့အုပ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံးတွင် မြေပိုင်ဆိုင်မှု အငြင်းပွားမှုများ၊ လျော်ကြေးငွေ ပေးအပ်မှု ကန့်ကွက်မှုများကို လက်ခံပြီး စစ်ဆေးသကဲ့သို့ မြေအောက်ရေတွင်း များကိုလည်း စစ်ဆေးပြီး လျော်ကြေးများ ထုတ်ပေးပြီး ဖြစ်ကြောင်း သိရသည်။
မြေယာလျော်ကြေး ထုတ်ပေးရေး အဖွဲ့သည် ဆားလင်းကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် အစိုးရရုံးပိတ်ရက် များမှအပ နေ့စဉ်လျော်ကြေးများ ထုတ်ပေးလျက်ရှိရာ စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထား၍ ထုတ်ယူကြရမည်ဟု သိရသည်။
လျော်ကြေးများ ထုတ်ယူမှု အဆင်ပြေစေရန် အတွက် စီမံကိန်းနယ်မြေ အနီးတွင် လျော်ကြေးငွေ ထုတ်ပေးရေးရုံး ထပ်မံတိုးချဲ့ ဖွင့်လှစ်ထုတ်ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
Credit Eleven Media Group









0 comments:
Post a Comment