
ဥရောပသမဂ္ဂသို့ မြန်မာ့ရေထွက်ကုန်များ တင်ပို့ရန် ခွင့်ပြုချက် ရရှိထားသည့် ပြည်တွင်း စက်ရုံပေါင်း ၁၄ ရုံရှိပြီး နောက်ထပ် စက်ရုံလေးရုံ တင်ပို့ခွင့်ရရှိရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာန၊ စစ်ဆေးရေးနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်ဝေက The Daily Eleven သတင်းစာသို့ ပြောကြားသည်။
''နောက်ထပ်ကုမ္ပဏီ လေးခုကတင်ဖို့ ကြိုးစားနေပါတယ်။ အီးယူရဲ့ လိုအပ်ချက်နဲ့ညီအောင် လုပ်နေတယ်။ အဲဒါတွေနဲ့ ညီပြီဆိုရင် ငါးဦးစီးက ထောက်ခံပေးရတယ်။ လောလောဆယ် သူတို့တင်ပို့ခွင့်ရဖို့ ကြိုးစားနေတယ်။ ပြင်ဆင်နေတယ်။ အီးယူရဲ့ ဈေးကွက် လိုအပ်ချက်ကို မီအောင်ပြင်ဆင်နေတယ်။ အီးယူကို ဒီအတိုင်း ပို့လို့မရဘူး။ အီးယူရဲ့ သတ်မှတ်ချက်တွေကမြင့်တယ်'' ဟု ငါးလုပ်ငန်း ဦးစီးဌာန စစ်ဆေးရေးနှင့် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်ဝေက ပြောကြားသည်။
အဆိုပါ ဥရောပသမဂ္ဂသို့ တင်ပို့ခွင့်ရရှိရန် ကြိုးစားပြင်ဆင်နေသည့် စက်ရုံများ အနေဖြင့် GAP နှင့် HACCP အသိအမှတ်ပြု လက်မှတ်များ ရရှိရန် လိုအပ်ကြောင်း သိရသည်။
ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသို့ မြန်မာ့ရေထွက်ကုန်များ တင်ပို့ရရှိသည့် ပြည်တွင်း စက်ရုံပေါင်း ၁၄ ရုံအနက် ယင်းအဖွဲ့ဝင် နိုင်ငံများသို့ တင်ပို့နေသည့် စက်ရုံမှာ ငါးရုံသာရှိကြောင်း သတင်းရရှိသည်။
အီးယူသို့ ရေထွက်ကုန် တင်ပို့ခွင့် ရရှိသော်လည်း မတင်ပို့နိုင်သည့် စက်ရုံများမှာ ဈေးကွက်အခက်အခဲကြောင့် မတင်ပို့နိုင်ခြင်း ဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန စစ်ဆေးရေးနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်ဝေက သုံးသပ်ပြောကြားသည်။
ပြည်ပနိုင်ငံများသို့ မြန်မာ့ရေထွက်ကုန်များ တင်ပို့နေသည့် မြန်မာတစ်နိုင်ငံလုံးရှိ စက်ရုံပေါင်း ၁၁၆ ရုံရှိကြောင်း သတင်းရရှိသည်။ ပြည်ပနိုင်ငံများသို့ ရေထွက်ကုန် တင်ပို့ရာတွင် ဈေးကွက်ရှာဖွေရာ၌ ခက်ခဲမှုများရှိခြင်း၊ ငွေကြေးအရင်းအနှီး နည်းပါးခြင်း၊ နည်းပညာပိုင်းဆိုင်ရာ အားနည်းခြင်း တို့ကြောင့် လုပ်ငန်းများ လည်ပတ်မှု နည်းပါးနေကြောင်း သိရသည်။
ဘဏ္ဍာရေးနှစ်များတွင် ပြည်ပသို့ ရေထွက်ကုန်များ တင်ပို့ရာ၌ အမေရိကန် ဒေါ်လာသန်း ၆၀၀ ကျော် ၇၀၀ နီးပါးသာ နိုင်ငံခြားဝင်ငွေ ရရှိနေခြင်းသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အဆပေါင်းများစွာ နိုင်ငံခြားဝင်ငွေရရှိမှု နည်းပါးလျက် ရှိကြောင်း သိရသည်။
Credit Eleven Media Group









0 comments:
Post a Comment