
၂၀၁၅ အာဆီယံ ဗဟိုအလုပ်အကိုင် ဈေးကွက်တွင် ကျွမ်းကျင်လုပ်သားများမှာ အရေးကြီးကဏ္ဍ ဖြစ်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်၏ ပြောကြားချက်အရ သိရသည်။
ယင်းအတွက် မြန်မာလုပ်သားများ၏ ကျွမ်းကျင်မှု စံသတ်မှတ် ပြဋ္ဌာန်းမည့်အဖွဲ့မှာ မကြာမီ ပေါ်ပေါက်လာရန် ရှိနေကြောင်းလည်း ဦးမျိုးအောင်ထံမှ သိရသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ''၀န်ကြီးဌာနရဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေထဲမှာ အရေးကြီးတဲ့ အချက်ဖြစ်တဲ့ မြန်မာလုပ်သားများရဲ့ ကျွမ်းကျင်မှု စံသတ်မှတ် ပြဋ္ဌာန်းတဲ့အဖွဲ့ ဖြစ်လာဖို့ အခြေအနေ ရှိပါမယ်'' ဟု ပြောကြားသည်။
ဝန်ကြီးဌာန၏ အရေးကြီးဆုံး အချက်တွင် ပါဝင်သော လုပ်သားကျွမ်းကျင် တိုးတက်မှုမှာ မြန်မာနိုင်ငံ၏ ကုန်ထုတ်စွမ်းအားနဲ့ စီးပွားတိုးတက်မှုရဲ့ အခြေခံအကျဆုံး ဖြစ်နေကြောင်း ဦးမျိုးအောင်က ဆက်လက် ပြောကြားသည်။
''၂၀၁၅ မှာ အာဆီယံ ဗဟိုအလုပ်အကိုင် ဈေးကွက်ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အဲဒီမှာ ကုမ္ပဏီ ရင်းနှီးမြှုပ်နှံမှုတွေ၊ လူ့စွမ်းအား အရင်းအမြစ်တွေဟာ အပြိုင်အဆိုင် ဖြစ်ပေါ်လာတဲ့အခါ စွမ်းအင်မြင့်မားတဲ့ လုပ်သားတွေအတွက် ပြုစုပျိုးထောင်တဲ့ လုပ်ငန်းစဉ်တွေဟာ အရေးကြီးတဲ့ လုပ်ငန်းစဉ် ဖြစ်လာမှာပါ'' ဟု ဦးမျိုးအောင်က ဆိုသည်။
လက်ရှိတွင် ကျွမ်းကျင်မှု စံသတ်မှတ်ရေး အဖွဲ့သာရှိသေးပြီး အလုပ်သမား ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အလုပ်သမား ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေကြောင်း၊ အခြားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် များမှာလည်း အဖွဲ့ဝင်များအဖြစ် ပါဝင်ဆောင်ရွက်နေကြောင်း သိရသည်။
မကြာမီ ဖွဲ့စည်းမည့် လုပ်သားကျွမ်းကျင်မှု စံသတ်မှတ် ပြဋ္ဌာန်းမည့်အဖွဲ့ ဖွဲ့စည်းပြီးပါက လုပ်ငန်းစဉ်များ အနေဖြင့် ဦးစားပေး ကဏ္ဍအလိုက် ကျွမ်းကျင်မှုစံများကို စိစစ်ပေးပြီး ရေးဆွဲမည် ဖြစ်ကြောင်း၊ ပုဂ္ဂလိက ကဏ္ဍအသီးသီးမှာ လေ့ကျင့်ရေးသင်တန်း ကဏ္ဍ၊ အကဲဖြတ် စိစစ်ရေး ကဏ္ဍတွေ ရှိမည်ဖြစ်ပြီး အသိအမှတ်ပြု လက်မှတ်များလည်း ထုတ်ပေးမည် ဖြစ်ကြောင်း အလုပ်သမား ၀န်ကြီးဌာနမှ သိရသည်။
အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးထင်အောင်၏ ပြောကြားချက်အရ မြန်မာနိုင်ငံတွင် လုပ်သားအင်အား ၃၂ သန်းခန့် ရှိသော်လည်း ရာခိုင်နှုန်း ၇၀ မှာ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု မရှိကြောင်း သိရသည်။
Credit Eleven Media Group









0 comments:
Post a Comment