ကုန်သွယ်မှုဇုန်များ၊ ဘဏ်များစသည့် ပြည်တွင်းနှင့် နယ်စပ် စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်းလိုက်ရ သည်အထိ ဆိုးရွားသည့် ရေကြီးမှုများ သီတင်းတစ်ပတ်ခန့် ကြုံတွေ့ခဲ့ရသော မြဝတီမြို့တွင် လောလောဆယ် အနေအထား၌ သေဆုံးသူ သုံးဦးရှိနေပြီ ဖြစ်ကြောင်း မြဝတီမြို့ အရန်မီးသတ်တပ်ဖွဲ့ ဒုတိယတပ်ရင်းမှူး ဦးအောင်စိုးက ပြောကြားသည်။
မြဝတီမြို့တွင် ဇူလိုင်လ ၃၁ ရက် နံနက် ၂ နာရီကျော်မှ စတင် ၍ ရေပြန် ကျပြီ ဖြစ်သောကြောင့် ရေဘေးသင့် ဒုက္ခသည် လေး ပုံတစ်ပုံမှာ နေ ရပ်ပြန်ပြီ ဖြစ်ကြောင်း ဘားအံမြို့ မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးအောင်ကြင်ထွန်းက ပြောကြားသည်။
မြဝတီမြို့ ရေလွှမ်းမှုကြောင့် ဒုက္ခသည်စခန်း ၂၃ ခု ဖွင့်လှစ်၍ အိမ်ထောင်စု ၃၃၁၂ ၏ ရေဘေးသင့်သူ ၁၅၀၈၄ ဦးကို ကူညီစောင့်ရှောက်ထားရာ သြဂုတ်လ ၁ ရက်နေ့ မွန်းလွဲတစ်နာရီတွင် ရရှိသော အချက်အလက်များအရ ဒုက္ခသည် လေးပုံတစ်ပုံမှာ နေရပ်ပြန်ပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။
အမှတ် (၅) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်နှင့် အမှတ် (၁) ရပ်ကွက်များမှ ရေးဘေးသင့် ဒုက္ခသည် အိမ်ထောင်စု တစ်ထောင်ကျော် နေရပ်ပြန်ပြီ ဖြစ်ကြောင်း ဦးအောင်စိုးက ပြောကြားသည်။
ရေကျပြီဖြစ်၍ မြဝတီ တစ်မြို့လုံးကို သန့်ရှင်းရေး ပြုလုပ်နေရပြီး မြဝတီမြို့ရှိ နေအိမ်အောက်ထပ်များတွင် ရွှံ့ထုမှာ နှစ်ပေခန့် တင်ကျန်ရစ်ခဲ့သည်ဟု မြဝတီမြို့၊ အမှတ် (၁) ရပ်ကွက်၊ ကံကော်လမ်းတွင် နေထိုင်သူ ဒေသခံတစ်ဦးက ပြောကြားသည်။
“ပိုက်ဆံရှိတဲ့ လူတွေကတော့ မီးသတ်ပိုက်လို ရေပိုက်သုံးပြီး ရွံ့တွေကို ဖယ်တာပေါ့။ မရှိတဲ့လူကတော့ ပေါက်တူးနဲ့ ပေါက်နေတာ တွေ့တယ်။ ကုန်ဈေးနှုန်းတွေလည်း တက်တယ်” ဟု ၎င်းကဆိုသည်။
ဇူလိုင်လ ၂၈ ရက်နေ့တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် ၁၀ မိုင်အကွာ၊ သောင်းရင်းမြစ်နှင့် ၁၄ မီတာအကွာရှိ ဟောင်ဖွိုင် ရေ ကာတာ ရေလျှံပြီးနောက်တွင် သောင်းရင်း မြစ်ရေ မြင့်တက်လာခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ဒေသခံများက ပြောကြားသည်။
သောင်းရင်းမြစ်ရေ လျှံတက်လာမှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြဝတီမြို့ပေါ်ရှိ ရပ်ကွက်ကြီး ၅ ခုအနက် ရပ်ကွက် ၄ ခု မှာ ရေလွှမ်းမိုးမှုဒဏ်များ ခံခဲ့ရခြင်း ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။
လတ်တလောတွင် ဖြစ်ပွားလျက်ရှိသော မိုးကြီးရေလျှံမှုများကြောင့် ကရင်ပြည်နယ်ရှိ မြဝတီ၊ ဘားအံ၊ လှိုင်းဘွဲ့၊ ကြားအင်း ဆိပ်ကြီးနှင့် ကော့ကရိတ်စသည့် မြို့နယ်များတွင် ရေဘေးသင့်ဒုက္ခသည် ဦးရေ ၂၄၄၀၀ ကျော် ရှိကြောင်း ပြည်တွင်း မီဒီယာများတွင် ဖော်ပြထားသည်။
Credit The Voice Weekly

0 comments:
Post a Comment