Sunday, September 15, 2013

ချင်းတွင်းမြစ်နံဘေးရှိ ကလေးဝမြို့နယ် နန်းမော်ကယ်ကျေးရွာတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့်အပေါ် ဒေသခံများ ကန့်ကွက်


ချင်းတွင်းမြစ်ဘေးရှိ ကလေးဝမြို့နယ် နန်းမော်ကယ်ဒေသတွင် တည်ဆောက်မည်ဆိုသော ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံအတွက် ဒေသခံများက ကန့်ကွက်နေကြောင်း သိရသည်။
''ဒီဒေသကို ထွန်းသွင် ကျောက်မီးသွေးကုမ္ပဏီက တာဝန်ခံတစ်ဦးရယ်၊ ကလေးဝမြို့က မြို့နယ်အထောက်အကူပြု ကော်မတီတွေရယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ရယ် လာကြတယ်။ ဒီစက်ရုံဆောက်မယ်။ ဒေသခံတွေ အလုပ်တွေရမယ်။ ကျောင်းတွေ ဆောက်ပေးမယ်၊ ဆေးရုံဆောက်ပေးမယ်ဆိုပြီး ပြောပါတယ်။
ဒီစက်ရုံထွက်ပေါ်လာရင် ဒေသကောင်းကျိုး ဖြစ်ထွန်းမယ်ဆိုတာလောက်ပဲ ပြောသွားတယ်။ ဒီစက်ရုံလည်ပတ်ရင် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေက ဘယ်လို ရှိတယ်ဆိုတာ မပြောဘူး။ သူတို့ပြောတာက အကောင်းတွေ ချည်းပဲ။ ဒီဒေသကလူတွေ ချက်ချင်းတိုးတက်တော့မလို ပြောသွားတယ်။ ဒီလိုစက်ရုံမျိုး မြန်မာနိုင်ငံအတွင်းမှာ မရှိသေးဘူးဆိုတော့ ဒီစက်ရုံဆောက်လိုက်ရင် ဘယ်လိုဖြစ် လာမယ်ဆိုတာ လေ့လာစရာမရှိဘူး။ ကျွန်တော်တို့နယ်က အစမ်းသပ်ခံဖြစ်နေတယ်။ ဒါ့ကြောင့် စောင့်ကြည့်ရတဲ့ အခြေအနေပေါ့။ ဂဃနဏမသိတော့ တွေးပြီး စိုးရိမ်နေရုံကလွဲလို့ ဘာတတ်နိုင်မှာလဲ''ဟု မထုကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။
အဆိုပါ ကျောက်မီးသွေး စီမံကိန်းသည် မြန်မာနိုင်ငံမှ ထွန်းသွင်ကုမ္ပဏီနှင့် စင်ကာပူ နိုင်ငံမှ ISDN Holding Ltd, ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ကလေးဝမြို့ အထက်ချင်းတွင်းမြစ်ဘေးရှိ နန့်မော်ကယ်ကျေးရွာအနီးတွင် တည်ဆောက်ရန် အဆိုပြုထားကာ လျှပ်စစ်ဓာတ်အား ၂၇၀ မဂ္ဂါဝပ်ထွက်ရှိမည်ဟု သိရသည်။
စက်ရုံတည်ဆောက်မည့် မြေနေရာမှ ချင်းတွင်းမြစ်နှင့်လည်း ၁ ဒသမ ၅ ကီလိုမီတာခန့်သာ ကွာဝေး၍ ကလေးဝမြို့နှင့် ၁၈ ကီလိုမီတာ ကွာဝေးကာ နန်းမော်ကယ် ကျေးရွာနှင့် တစ်မိုင်နှင့် သုံးဖာလုံ ကွာဝေးသည်ဟု သိရသည်။ အဆိုပါ စက်ရုံတွင် Clean Coal Technology ကို အသုံးပြုမည် ဖြစ်ပြီး စီမံကိန်းဝန်းကျင်ဒေသရှိ သဘာဝ ပတ်ဝန်းကျင်များ မပျက်စီးစေရန်နှင့် ဒေသခံများ မနစ်နာစေရန် ဆောင်ရွက်သွားမည်ဟု စီမံကိန်းဖော်ပြချက် စာရွက်စာတမ်းများအရ သိရသည်။ စီမံကိန်းအနီးဝန်းကျင်ရှိ မထုကျေးရွာသည် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းကို ကန့်ကွက်ကြောင်း လက်မှတ်များရေးထိုး၍ နိုင်ငံတော်သမ္မတထံသို့ အသနားခံစာ တင်ထားသည်ဟု သိရသည်။
''ထွန်းသွင်ကုမ္ပဏီ တာဝန်ခံနဲ့ မြို့ပေါ်က လာတဲ့သူတွေကလည်း ကျွန်တော်တို့အနေနဲ့ ဘာမှလည်း တိတိကျကျ သိခွင့်မရှိဘူး။ ဘုန်းကြီးကျောင်းဆောက် ပေးမယ်။ စာသင်ကျောင်းဆောက်ပေးမယ်။ ဆေးရုံဆောက်ပေးမယ် ဆိုတာတွေပဲပြောသွားတယ်။ တခြား ဘာမှမပြောဘူး''ဟု နန်းမော်ကယ် ကျေးရွာသားတစ်ဦးက ဆိုသည်။
နန်းမော်ကယ်ကျေးရွာသည် ချင်းတွင်း မြစ်နံဘေးရှိ မစိန်ကျေးရွာ၊ မထုကြီးကျေးရွာတို့အနီး တည်ရှိပြီး အိမ်ခြေ ၄၅ အိမ်ခန့်ရှိကာ လူဦးရေ ၂၀၀ ၀န်းကျင်ခန့်ရှိ၍ လယ်ယာ၊ ချောင်း၊ မြောင်း လုပ်ငန်းများ လုပ်ကိုင်ကြသည်ဟု သိရသည်။

ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်ဟု သတင်းထွက်ပေါ်နေသော နန်းမော်ကယ်ကျေးရွာကို တွေ့ရစဉ်
Credit Eleven Media Group

0 comments:

Post a Comment