Sunday, September 08, 2013

စိုက်ပျိုးစရိတ် ချေးငွေရရှိရန် ထောက်ခံချက်မပေးသော မြို့နယ်အုပ်ချုပ်ရေးမှူးကို ဆန္ဒပြ

မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ်မှ ထုတ်ပေးမည့် စိုက်ပျိုးစရိတ် ချေးငွေရရှိရန် ထောက်ခံချက် မပြုလုပ်ပေးသည့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကျီစုအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ လယ်သမား ၁၀၀ ကျော်က စက်တင်ဘာလ ၆ ရက်နေ့တွင် ဆန္ဒပြခဲ့ကြောင်း အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်သူ ဦးစိုးကြွယ်က ပြောကြားသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို စက်တင်ဘာ ၆ ရက် နံနက် ၉ နာရီခွဲကျော်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၁၈ ကွေ့မှတ်တိုင် မှ တောင်ဒဂုံ ဘောလုံးကွင်းအထိ လယ်သမား အရေးလှုပ်ရှားသူ ဦးကြည်လင်း၊ ဦးစိုးကြွယ်နှင့် ဦးမြတ်ကျော်တို့က ဦးဆောင်လမ်းလျှောက် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

မြန်မာ့စိုက်ပျိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေရရန် မြေစာရင်းလက်မှတ်၊ စိုက်ပျိုးရေးလက်မှတ်၊ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်များ လိုအပ်ပြီး မြေစာရင်းလက်မှတ်နှင့် စိုက်ပျိုးရေးလက်မှတ်များ ရှိသော်လည်း အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်များကြောင့် အခက်အခဲ ဖြစ်နေကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူ လယ်သမားတစ်ဦးဖြစ်သည့် ဦးလှတိုးက ပြောကြားသည်။

ယခင်နှစ်များကလည်း ချေးငွေမယူခဲ့သဖြင့် ထောက်ခံချက် မပေးနိုင်ကြောင်း ကျီစုအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့ကြောင်း အဆိုပါ လယ်သမားများက ပြောဆိုသည်။

“ကျန်တဲ့ရွာတွေ အကုန်ရတယ်။ ကျွန်တော်တို့ တစ်ရွာတည်းမရတာ။ အခုတော့ ငွေတိုးချေးတဲ့ လူတွေကို လုပ်ကျွေးနေသလို ဖြစ်နေတယ်” ဟု ဦးလှတိုးက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ အုပ်ချူပ်ရေးမှူး အစည်းအဝေး သွားနေပြီး မည်သည့်အချိန် ပြန်ရောက်မည်ကို မသိရှိကြောင်း ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
ကောင်းဆက်နိုင်
Credit The Voice Weekly

0 comments:

Post a Comment