မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဖြစ်ပွားနေသော မြေယာပြဿနာ များကို ဖြေရှင်းနိုင်ရန် တောင်သူလယ်သမားများနှင့် မြေယာလုပ်သားများ သမဂ္ဂ ( မြန်မာနိုင်ငံ) စက်တင်ဘာ ၆ ရက်တွင် ဖွဲ့စည်းလိုက်ကြောင်း အဆိုပါသမဂ္ဂ ဥက္ကဋ္ဌ ဦးသန်းစိုးက ပြောကြားသည်။
လယ်ယာမြေ ပြဿနာများတွင် မတရားမှုများ မမျှတမှုများကို ကြုံတွေ့နေရသော တောင်သူလယ်သမားများ အရေးကို စုစည်းညီညွတ်စွာ ရပ်တည်သွားရန် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော တောင်သူ လယ်သမားများနှင့် မြေယာလုပ်သားများ သမဂ္ဂကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“တောင်သူလယ်သမား သမဂ္ဂတွေ လွတ်လွတ်လပ်လပ် ရပ်တည်နိုင်ဖို့ လိုအပ်နေတယ်” ဟု ၎င်းက ပြောကြားသည်။
တောင်သူလယ်သမားများနှင့် မြေယာလုပ်သားများသမဂ္ဂ အဖွဲ့အစည်းကို ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းရန် ပြည်ထဲရေး ဝန်ကြီးဌာနသို့ စာတင်ခဲ့သော်လည်း ဝန်ကြီးဌာနက ခွင့်မပြုခဲ့ကြောင်း၊ ပြောင်းလဲ လာသော နိုင်ငံရေး အခြေအနေအရ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းလျှင်လည်း မှတ်ပုံတင်မည် ဖြစ်ကြောင်း အဆိုပါသမဂ္ဂ အတွင်းရေးမှူး ဦးအောင်မိုးဝင်းက ပြောကြားသည်။
လယ်ယာမြေ ပြဿနာများကို ဖြေရှင်းရာတွင် အစိုးရအနေနှင့် လယ်သမားများ ကိုယ်စားပြုသော သမဂ္ဂများကို တရားဝင် ဖွဲ့စည်းပေးသင့်ကြောင်း၊ လယ်သမားများ၏ ဘုံသဘောတူညီချက်များကို ရယူပြီး ညှိနှိုင်းဆောင်ရွက်မှုများကို စီမံခန့်ခွဲနိုင်လျှင် အစိုးရသစ် သက်တမ်းအတွင်း လယ်ယာမြေ ပြဿနာများကို အဆုံးသတ်ပေးနိုင်မည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ လယ်ယာစီးပွားနှင့် တောင်သူ လယ်သမားရေးရာ ကော်မတီအတွင်းရေးမှူး ဦးထွန်းမြင့်အောင်က ပြောကြားသည်။
“ပြည်သူအတွက် အလုပ်လုပ်မယ်လို့ စိတ်ထဲမှာထားတဲ့ အစိုးရဖြစ်ဖို့ လိုတယ်” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော တောင်သူလယ်သမားများ၏ မြေယာ ဆုံးရှုံးမှု ပြဿနာများကို ဖြေရှင်းပေးရန်ဟုဆိုကာ အမျိုးသားလွှတ်တော်က ၂၀၁၂ ခုနှစ် သြဂုတ်လတွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။
၂၀၁၃ ခုနှစ် ဇန်နဝါရီလ အတွင်းတွင် မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များအသင်းက ကမကထ ပြုလုပ်ကာ တောင်သူလယ်သမား အသင်းကို ဖွဲ့စည်းခဲ့သည်။
ဟိန်းသွင်ထက်
Credit The Voice Weekly

0 comments:
Post a Comment