Sunday, September 22, 2013

မန္တလေးတိုင်းစက်မှုဇုန် စက်ရုံအချို့ ရေဆိုးနှင့် စွန့်ပစ်ပစ္စည်းများ စွန့်ပစ်မှုလေ့လာ

မန္တလေးတိုင်းဒေသကြီး စက်မှုဇုန်ရှိ စက်ရုံများမှ ရေဆိုးနှင့် စွန့်ပစ်ပစ္စည်းများ စွန့်ပစ်မှုနှင့် ပတ်သက်၍ စက်မှုဇုန် အတွင်းရှိ စက်ရုံအချို့ကို ပြည်ထောင်စုလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက စက်တင်ဘာ ၂၁ ရက်နေ့တွင် ကွင်းဆင်း လေ့လာခဲ့ကြောင်း စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီထံမှ သိရသည်။

ပြည်ထောင်စုလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီမှ ဘုတလင်မြို့ ပြည်သူ့လွှတ်တော် ဦးသန်းလွင်ဦးဆောင်သည့် အဖွဲ့ဝင်နှစ်ဦးသည် စက်တင်ဘာ ၂၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး စက်မှုဇုန်ရှိ စက်ရုံငါးခုသို့ ကွင်းဆင်းလေ့လာ ခဲ့ကြောင်း စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီ မှ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောကြားသည်။

အမရပူရမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး က ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေအရ မန္တလေး စက်မှုဇုန်များထဲတွင် ရှိသော စက်ရုံများမှ ရေဆိုးနှင့် စွန့်ပစ်ပစ္စည်းများ စွန့်ပစ်မှုအပေါ် ပြည်ထောင်စုအစိုးရ အဖွဲ့အနေနှင့် အရေးယူမှုရှိ မရှိ လွှတ်တော်သို့ ဇူလိုင်လ အတွင်းကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့ပြီးနောက် ယင်းသို့ လာရောက်စစ်ဆေးခြင်း ဖြစ်ကြောင်း အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောဆိုသည်။

"၂ နှစ်ခွဲအတွင်းမှာ ဒါ ပထမဆုံး အကြိမ် လွှတ်တော်ကနေ မန္တလေးတိုင်း ဒေသကြီး စက်မှုဇုန်အထိ အောက်ခြေအထိ ကွင်းဆင်းလေ့လာတယ်လို့ ပြောလို့ရတယ်။ ကျွန်တော်တို့ဘက်ကတော့ ဒါမျိုးကို အမြဲတမ်း ကြိုဆိုလျက်ပါ။ ကျွန်တော်တို့ဘက်ကကော၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနဲ့ သန့်ရှင်းရေးဌာနနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန တို့ကလည်း လုပ်ဆောင် ထားတဲ့ဟာတွေကို ရှင်းလင်းတင်ပြတာတွေ လုပ်သွားမှာပါ" ဟု ၄င်းက ဆိုသည်။

မန္တလေးစက်မှုဇုန်ရှိ ရွှေမြင်းပျံအရက် စက်ရုံ၊ အောင်စိန်ချည်မျှင်နှင့် အထည် စက်ရုံ၊ ရသာကောင်း ချိုချဉ်စက်ရုံ၊ MTC အရက်စက်ရုံ၊ ငွေခြင်္သေ့ သကြားစက်ရုံနှင့် သားရေ စက်ရုံတစ်ရုံတို့၏ ရေဆိုးနှင့် စွန့်ပစ်အမှိုက် စွန့်ပစ်မှုတို့ကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရေနှင့် သန့်ရှင်းရေးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
Credit The Voice Weekly

0 comments:

Post a Comment