Monday, March 24, 2014

သပိတ်စခန်း ဖွင့်ထားသည့် အထည်ချုပ်စက်ရုံ အလုပ်သမား ၆၈ ဦးကို ကုမ္ပဏီ နစ်နာကြေးပေးမည်

ပြည်မြို့ ဂန္ဓာမာ စက်မှုကွက်သစ်ရှိ သီတာ-မြန်မာ ကုမ္ပဏီလီမိတက်၏ အထည်ချုပ် စက်ရုံရှေ့တွင် သပိတ်စခန်း ဖွင့်ထားသည့် အလုပ်သမား ၆၈ ဦးကို နစ်နာကြေး နှစ်လစာနှင့် ကရုဏာကြေး တစ်လစာတို့ကို မတ်လ ၂၆ ရက်နေ့တွင် ကုမ္ပဏီက ပေးအပ်မည် ဖြစ်ကြောင်း မြို့နယ် ဖျန်ဖြေရေးအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ညှိနှိုင်း ဖျန်ဖြေရေး အဖွဲ့ရှေ့တွင် မတ်လ ၂၀ ရက်နေ့က ချုပ်ဆိုလိုက်သည့် အလုပ်ရှင်-အလုပ်သမား သဘောတူညီချက် စာချုပ်အရ စက်ရုံဝန်ထမ်းများမှာ အဆိုပါ သုံးလစာနှင့် အလုပ်ဆင်းထားခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ မတ်လ ၁၇ ရက်နေ့အထိ လုပ်ခလစာများပါ ရရှိမည် ဖြစ်ကြောင်း ယင်းစာချုပ်တွင် ပါရှိသည်။

စာချုပ် ချုပ်ဆိုခဲ့သည့် အလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်သူက “အလုပ်သမားဥပဒေမှာ အချိန်ပိုကြေးကို နှစ်ဆသတ်မှတ်ပေမယ့် ကျွန်မတို့ ၁၁ လလုံး တစ်ဆခွဲနဲ့ လုပ်ခဲ့ရတယ်။ နစ်နာတာတွေ အတွက်တော့ ပြန်မရခဲ့ဘူး။ ဒီမှာရှိတဲ့ ဝန်ထမ်း ၃၀ လောက်က နယ်ကလာပြီး လုပ်ကြတယ်။ ၂၆ ရက်နေ့အထိ စက်ရုံဘက်က အဆောင်မှာ နေခွင့်ပေးတယ်။ ကျွန်မတို့ဘက်က ညနေ ၄ နာရီ နောက်ဆုံးထားပြီး သပိတ်စခန်း ဖျက်သိမ်းပေးရတယ်” ဟု ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သီတာ-မြန်မာ အထည်ချုပ်စက်ရုံသို့ သွားရောက် မေးမြန်းရာတွင် ပြန်လည် ဖြေဆိုနိုင်သည့် တာဝန်ရှိသူများ စက်ရုံတွင် မရှိကြောင်း လုံခြုံရေးက ပြောဆိုသဖြင့် မေးမြန်းခွင့် မရခဲ့ပေ။

အထည်ချုပ် အလုပ်သမား ၆၈ ဦးမှာ စက်ရုံမှထုတ်ထားသည့် စည်းကမ်းချက် စာချုပ်ကို လက်မှတ် မထိုးနိုင်သည့်အပြင် အထည်ချုပ်လုပ်ငန်းနှင့် သက်ဆိုင်ခြင်း မရှိသည့် အလုပ်များ လုပ်ကိုင်ရခြင်း၊ လစာငွေ အဖြတ်ခံရခြင်းတို့ကြောင့် မတ်လ ၁၇ ရက်နေ့ မွန်းလွဲပိုင်းမှစ၍ စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့် တောင်းဆိုနေခြင်း ဖြစ်သည်။

Credit: The Voice Weekly

0 comments:

Post a Comment