Tuesday, April 22, 2014

ဧရာဝတီ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေး လမ်းလျှောက် ဆန္ဒဖော်ထုတ်သူများ မြို့နယ်ရှစ်ခုတွင် တရားစွဲခံရ

Photo: ဧရာဝတီ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေး လမ်းလျှောက် ဆန္ဒဖော်ထုတ်သူများ မြို့နယ်ရှစ်ခုတွင် တရားစွဲခံရ
Monday, April 21, 2014

ဧရာဝတီ မြစ်ဆုံစီမံကိန်းအပြီး ဖျက်သိမ်းရေးအတွက် ရန်ကုန်မြို့တော်မှ ကချင်ပြည်နယ် မြစ်ဆုံအထိ လမ်းလျှောက် ဆန္ဒဖော်ထုတ်သူများကို မြို့နယ်ရှစ်ခုတွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားကြောင်း ယင်းလမ်းလျှောက် ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်သူ ဦးရဲထွဋ်ခေါင်က ပြောကြားသည်။

ယင်းတရားစွဲဆို ထားမှုများနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်သို့ ပြန်ရောက်ပါက အမှုရင်ဆိုင် သွားမည်ဖြစ်ပြီး ထောင်ချ ပါကလည်း ကျခံသွားမည် ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားသည်။

အဆိုပါ ဆန္ဒဖော်ထုတ်သူများကို ဆတ်သွား ရဲတပ်ဖွဲ့စခန်း၊ ဒုရင်ဗိုလ် ရဲတပ်ဖွဲ့စခန်း၊ မကွေးရဲတပ်ဖွဲ့စခန်း၊ ရေနံချောင်း ရဲတပ်ဖွဲ့စခန်း၊ ချောက် ရဲတပ်ဖွဲ့စခန်း၊ ညောင်ဦး ရဲတပ်ဖွဲ့စခန်း၊ စဥ့်ငူ ရဲတပ်ဖွဲ့စခန်းနှင့် မြင်းခြံ ရဲတပ်ဖွဲ့စခန်းတို့တွင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ၎င်းတို့ထံမှ သိရသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်က ဦးဆောင်၍ မတ်လ ၂၃ ရက်နေ့မှ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီးမှ စတင်ကာ လမ်းလျှောက်ခဲ့ကြပြီး မြစ်ဆုံဒေသသို့ ရောက်ရှိပါက ဒေသခံ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မြစ်ဆုံ စီမံကိန်း ဖျက်သိမ်းရေး ကျောက်စာတိုင် စိုက်ထူသွားမည် ဖြစ်ကြောင်း ၎င်းတို့ထံမှ ထပ်မံသိရှိရသည်။

ယင်းသို့ ဆန္ဒဖော်ထုတ်ရာ၌ ရန်ကုန်မြို့တော်မှ စတင်ထွက်ခွာချိန်တွင် လူအင်အား ၁၀၀ ဦးခန့် ရှိပြီး ညောင်ဦးခရိုင် ပုဂံဒေသသို့ ရောက်ရှိချိန်တွင် ဧရာဝတီ မြစ်အရှေ့ခြမ်းနှင့် အနောက်ခြမ်းမှ ပြည်သူများပါ ဧရာဝတီ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေးနှင့် ပတ်သက်ပြီး သိရှိနိုင်ရန်အတွက် နှစ်ဖွဲ့ခွဲကာ လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယင်းအနက် အင်အား ၄၀ ခန့်သည် ဧပြီလ ၁၉ ရက်နေ့က မန္တလေးမြို့တော်သို့ ရောက်ရှိပြီး ဧပြီလ ၂၀ ရက်နေ့တွင် ပြန်လည် ထွက်ခွာသွားကြောင်း မန္တလေးမြို့တော်သို့ ရောက်ရှိချိန်တွင် မြို့ခံနိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ ဧရာဝတီ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေး တက်ကြွ လှုပ်ရှားသူများ၏ ဝန်းရံမှုသည် အားနည်းကြောင်း မန္တလေးမြို့ခံ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတစ်ဦးက သုံးသပ်ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မိမိတို့ အစိုးရသက်တမ်းတွင် ဧရာဝတီ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း တရားဝင် ပြောကြားထားရာ ပြီးခဲ့သည့် မတ်လအတွင်းက မြစ်ကြီးနား မြို့ခံ လူမှုအဖွဲ့စည်းများ၊ မန္တလေး စိမ်းရောင်စို၊ မြစ်ကြီးနား စိမ်းရောင်စို၊ တံတားဦး စိမ်းရောင်စို၊ စဥ့်ကိုင် စိမ်းရောင်စို၊ စိမ်းလန်း ပြင်ဦးလွင်နှင့် ဒေသအသီးသီးမှ လူမှုအဖွဲ့အစည်းများ စုပေါင်းကာ ဧရာဝတီ မြစ်ဆုံစီမံကိန်း ထာဝရ ရပ်ဆိုင်းရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းအဖွဲ့အစည်းများထံမှ သိရှိရသည်။

The Voice Weekly

Credit: The Voice Weekly

0 comments:

Post a Comment