Sunday, May 04, 2014

ပုဂံတွင် ထန်းဥယျာဉ်မြို့ပိုင်မြေနေရာ ပြန်လည်ရရှိရေး လွှတ်တော်သို့ တင်ပြပေးမည်

Photo: ပုဂံတွင် ထန်းဥယျာဉ်မြို့ပိုင်မြေနေရာ ပြန်လည်ရရှိရေး လွှတ်တော်သို့ တင်ပြပေးမည်
Sunday, May 4, 2014

ပုဂံတွင် ထူးကုမ္ပဏီပိုင်ဟိုတယ်အတွင်း ပါဝင်နေသော ထန်းဥယျာဉ်မြို့ပိုင် မြေနေရာအားပြန်လည်ရရှိရေး လွှတ်တော်သို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း ပုဂံမြို့မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးက ပြောကြားသည်။

ပုဂံမြို့ Myanmar Treasure Resort Hotel ခေါ် ထန်းဥယျာဉ်ဟိုတယ်အတွင်းရှိ မြို့ပိုင်ထန်းဥယျာဉ်မြေနေရာအား ပြန်လည်ရရှိရေးအတွက် ဒေသခံများ၊ မြို့မိမြို့ဖများနှင့် ဒေသခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဌေးလွင်တို့သည် မေ ၂ ရက် ညနေပိုင်းက ပုဂံမြို့လယ်၊ ဓမ္မာရုံတွင် တွေ့ဆုံဆွေးနွေးစဉ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးကပြောကြားခဲ့ခြင်း ဖြစ်သည်။ “သူတို့က တို့ဆီကိုတင်မယ်။ သူတို့အဖွဲ့က ဖြစ်စဉ်တွေတင်တဲ့အခါ ထပ်တင်ပြပေးရမှာပေါ့။ ပြည်သူ့အသံအနေနဲ့ပေါ့။ သူတို့ကိုပြည့်စုံအောင်ရေးပေးဦး။ အထောက်အထားတွေပေါ့။ ကိုယ့်ဘက်က တင်တယ်ဆိုတာ အထောက်အထား ပြည့်စုံမှလေ။ အထောက်အထားတွေ ပြည့်စုံအောင်လုပ်ပါ။ မြေပုံတွေနဲ့တကွပေါ့။ တို့ကလွှတ်တော်ကို တင်ပေးရမှာပေါ့။ ဦးအောင်ကြိုင် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)လည်း တင်မယ်။ နှစ်ယောက်စလုံးတင်ပေးမယ်။ ပြည်သူက ဒီလိုမေးမြန်းနေပါတယ်ဆိုတာကို။ ပြည်သူ့ တင်ပြချက်ဆိုပြီး လွှတ်တော်မှာ တင်ပြပေးမှာပေါ့။ သူတို့ဆီက အချက်အလက်တွေ စောင့်နေပါတယ်။အထောက်အထားတွေ၊ မြေပုံတွေကအစ အပေါ်တင်ပြရင် ခိုင်လုံမှ ကောင်းမှာမို့လို့ပါ”ဟုအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးက ဆိုသည်။

“ထန်းဥယျာဉ်ထဲမှာမြို့အတွက် အသုံးချဖို့ မြို့နယ်ခန်းမဆောက်ဖို့ ဖောင်ဒေးရှင်းတွေ ရှိပါတယ်။ အဆောက်အအုံကိုတောင်မှ ပြီးခဲ့တဲ့နှစ်တွေက ဖျက်ပြီးတော့ တခြားနေရာ အသုံးပြုထားတယ်။
မြို့နယ်ခန်းမ ရှိခဲ့တယ်။မြို့ရေပေးရေး ရေကန်တွေနဲ့ရေရောင်းချမှုတွေ ရှိခဲ့တယ်။အပန်းဖြေဖို့ ပန်းခြံတွေရှိခဲ့တယ်။ ကွပ်ကဲရေးရုံးတွေ၊ လမ်းတွေရှိခဲ့တယ်။ ဒါတွေကိုအခြေခံခြင်းအားဖြင့် မြို့မြေဖြစ်ကို ဖြစ်ခဲ့တယ်”ဟု ပုဂံမြို့မှ ကိုဝင်းမောင် က ဆိုသည်။
ဟိုတယ်တွင် ဖောက်လုပ်ထားသောလမ်းမကြီးများ ပိတ်ဆို့တံတိုင်းကာရံထားခြင်းအား အမြန်ဆုံးပယ်ဖျက် လမ်းဖွင့်ပေးရန်၊ ပုဂံမြို့ ထန်းဥယျာဉ်ဟိုတယ်တွင် ဆောက်လုပ်ထားသော အဆောက်အအုံအား ပယ်ဖျက်ပေးရန်နှင့် မြို့အတွက် အနာဂတ်စီမံကိန်း၌ အသုံးပြုရမည့် မြို့ပိုင်မြေနေရာအား မြို့လူထုဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်လာနိုင်ရန် စီမံလုပ်ကိုင်ခွင့်များကို မြို့သို့လွှဲပြောင်းပေးသွားရန် ဒေသခံများဆန္ဒပြခွင့်ရရှိရေး ၂၀၁၃ နှစ်ကုန်ပိုင်းက ဆောင်ရွက်ခဲ့သည်။ 

(ထန်းဥယျာဉ်ဟိုတယ်အတွင်းရှိ မြို့ပိုင်ထန်းဥယျာဉ်မြေနေရာ ပြန်လည်ရရှိရေးအပါအ၀င်ဒေသခံများ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ၂၀၁၂ ခုနှစ် အောက်တိုဘာ၂၂ ရက်က ဆန္ဒထုတ်ဖော်ခဲ့စဉ်)

Eleven Media Group

Credit: Eleven Media Group

0 comments:

Post a Comment