Monday, August 01, 2016

(၃)နှစ်အရွယ် ကလေးငယ် ရေတွင်းထဲကျပြီးသေဆုံး


ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်တောင်ကျေးရွာ တွန်းခါရပ်ကွက်မှာ ဖခင်နဲ့အတူ မြက်ရိတ် လိုက်ပါသွားရင်း အသက် (၃)နှစ်အရွယ်ကလေးငယ်တစ်ဦး ရေတွင်းထဲ လိမ့်ကျကာ သေဆုံးမှု ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းကဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ 
 
အခင်းဖြစ်ပွားတဲ့နေ့က ကီလိုကြီး (ခ) မောင်ဇွဲကိုဖြိုးဟာ ဖခင်ဖြစ်သူ ကိုအောင် မြက်ရိတ်သွားရာကို လိုက်ပါသွားခဲ့ပါတယ်။ ဖခင်မြက်ရိတ်တဲ့နေရာနဲ့ မလှမ်းမကမ်း မြက်ခင်းပြင်မှာ ဆော့ကစားနေရင်း မြက်ပင်တွေဖုံးလွှမ်းနေပြီး အကာအရံ မရှိတဲ့ ရေတွင်းနက်ထဲ လိမ့်ကျသေဆုံးခဲ့ရတာဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ကိုအောင်ဟာ သားဖြစ်သူ မောင်ဇွဲကိုဖြိုး မြင်းကွင်းကနေပျောက်သွားတဲ့အတွက် နာရီဝက် နီးပါးကြား လိုက်လံရှာဖွေခဲ့ပေမယ့် ကလေးကိုမတွေ့တဲ့အတွက် ကလေးဆော့ကစားတဲ့ နေရာအနီးမှာ ပြန်လည် လာရောက်ရှာဖွေတော့မှ ရေတွင်းကိုတွေ့ရတာဖြစ်ပြီး ရေတွင်းထဲ ဆင်းပြီးရေငုတ်ရှာဖွေတော့မှ ကလေးအလောင်းကို တွေ့ရတာဖြစ်တယ်လို့ လိုက်လံကူညီရှာဖွေပေးခဲ့သူတွေက ပြောပါတယ်။
 
ဇူလိုင်လ ၂၈ရက်နေ့မှာ မောင်ဇွဲကိုဖြိုးရဲ့ ရုပ်အလောင်းကို မဲဆောက်ဆေးရုံကြီးကနေ မယ်တောင်တိုက် သုဿန်ကိုသယ်ဆောင်ပြီး နေ့လယ် (၁၂)နာရီမှာ မဲဆောက်ပရဟိတအသင်းနဲ့ မယ်တောင်တိုက် လူထုအခြေပြုအဖွဲ့က ဦးဆောင်အကူအညီနဲ့ မောင်ဇွဲကိုဖြိုးရဲ့ ရုပ်အလောင်းကို မီးသင်္ဂြိုလ် ပေးခဲ့တာဖြစ်ပါတယ်။ အသက် (၃)နှစ်အရွယ် သေဆုံးသူ ကီလိုကြီး (ခ) မောင်ဇွဲကိုဖြိုးဟာ တောင်ယာစိုက်ပျိုးရေး အလုပ်နဲ့ အသက်မွေးကြောင်းပြုနေတဲ့ မြန်မာနိုင်ငံ ပဲခူးတိုင်း၊ စမ်းမြောင်ကျေးရွာ ဗျက်ကြီးအုပ်စု ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ၂၀၁၂ ခုနှစ်က ၀င်ရောက်အလုပ်လုပ်ကိုင်နေတဲ့ ကိုအောင်နဲ့ မခိုင်တို့ရဲ့ သားဦးရတနာဖြစ်ပါတယ်။

0 comments:

Post a Comment