Friday, January 27, 2017

စက်ရုံအချို့ကို အကျပ်ကိုင်ငွေတောင်းမှုများ ဖြေရှင်းပေးရန် စက်မှုထုတ်ကုန်အသင်းက လွှတ်တော်ကော်မတီထံ အကူအညီတောင်းခံ

စက်မှုဇုန်များတွင် စက်ရုံအဝင်ဝများကို လူတစ်စုက ပိတ်ဆို့ပြီးမြေယာလျော်ကြေးတောင်းခံသောပုံစံဖြင့် အကျပ်ကိုင်ငွေတောင်းမှုများနှင့် ပတ်သက်၍ စက်မှုထုတ်ကုန်လုပ်ငန်းရှင်များအသင်းနှင့် တိုင်းလွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီတို့ ယနေ့ဆွေးနွေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။

 လှိုင်သာယာစက်မှုဇုန်အပါအ၀င်လှိုင်သာယာရှိ စက်မှုဇုန်များရှိ စက်ရုံအချို့၏ အဝင်ဝများကိုလူအင်အားဖြင့်ပိတ်ဆို့ပြီး ဖိအားပေးငွေတောင်းခံမှု ပေါင်း ၅၀ ကျော်ဖြစ်ပွားပြီး အဆိုပါကိစ္စရပ်များကို ဇန်နဝါရီ ၂၇ ရက်တွင် ညှိနှိုင်းဆွေးနွေးရန် စက်မှု ထုတ်ကုန်လုပ်ငန်းရှင်များအသင်းက တောင်းဆိုခြင်းဖြစ်သည်ဟု အဆိုပါ ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောသည်။

‘‘ရွှေလင်ဗန်းစက်မှုဇုန်ဖြစ် နေတဲ့ နှစ်ခုက တိုင်လို့ နာမည် ထွက်တာ။ တခြားကိစ္စတွေက လုပ်ငန်းရှင်တွေ ကျိတ်ပြီးရှင်းနေ တာ အများကြီးရှိနေတယ်။ ဒါကို ဘယ်လိုလုပ်မလဲဆိုတာ ကော်မတီက အရင်ဆုံးကြားနာမယ်’’ ဟု ဒေါ်စန္ဒာမင်းက ပြောသည်။
လည်ပတ်နေသည့်စက်ရုံနှင့် ဆောက်လက်စ စက်ရုံများတွင် ၎င်းတို့၏ လယ်မြေများပါဝင်သ ဖြင့် နစ်နာကြေးပေးရန်ဆိုကာ စက်ရုံအ၀င်ဝများကို ပိတ်ဆို့ပြီး လျော်ကြေးတောင်းခံသည့်ပုံစံ ဖြစ်ကြောင်း လှိုင်သာယာစက်မှု ဇုန်စီမံခန့်ခွဲမှုကော်မတီ အတွင်း ရေးမှူးက ပြောသည်။

ယခု ဖြစ်ပွားနေသော ပြဿ နာများသည် အလုပ်ရှင်၊ အလုပ် သမား ပြဿနာမဟုတ်သကဲ့သို့ မြေယာပြဿနာလည်း မဟုတ် ကြောင်းနှင့် ယင်းမြေများသည် ၂၀၀၀ ပြည့်နှစ်ကပင် မြို့ရွာအိုး အိမ်ဦးစီးဌာနက လျော်ကြေးပေး ထားသည့် မြေများဖြစ်သည်ဟု ဆိုသည်။ ယခု ဆွေးနွေးပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၊ စည်ပင်သာယာရေးနှင့် အိုးအိမ်ဦးစီးဌာနတို့အား ဖိတ်ကြားထားသည်ဟု ဒေါ်စန္ဒာမင်းက ပြောသည်။ ‘‘စက်ရုံထဲက လူတွေက လည်း ထွက်မရဘူး။ အပြင်က လည်း ဝင်လို့မရဘူး။ အစက သူတို့ပိုင်မြေဆိုပြီး သိန်း ၂၀၀ စတောင်း တယ်။ သူတို့က ထောင်ကျလည်း သုံးလပဲကျမယ်။ ရရင် သိန်းရာချီ ရမယ်လို့ ပြေတယ်’’ဟု ရွှေလင် ဗန်းစက်မှု စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးသောင်းက ပြော ကြားသည်။

အဆိုပါ ကိစ္စများနှင့်ပတ် သက်၍ စက်မှုဇုန်ကော်မတီများ က တိုင်းအစိုးရထံ တင်ပြအကူအ ညီတောင်းခံခဲ့သည်။ တိုင်းအစိုးရ မြေယာပြဿနာဟု သတ်မှတ်ပြီး တရားစွဲဆိုရန် အကြောင်းကြားလာသည်။ တရားစွဲ နေစဉ်အတွင်း ထပ်မံကျူးလွန်မှုများရှိလာ၍ စက်မှုထုတ်ကုန် လုပ်ငန်းရှင်များအသင်းကတစ်ဆင့် လွှတ်တော်ထံ အကူအညီ တောင်းခံခြင်းဖြစ်သည်ဟု ဦးအေးသောင်းက ပြောသည်။

လှိုင်သာယာအပါအဝင် စက်မှုဇုန်အများစုတွင် လူ ၁၀ ဦးမှ ၄၀ ဦးခန့်ပါဝင်သော လူတစ်စုက စက်ရုံအချို့၏ အပေါက်များ ကိုပိတ်ဆို့၍ လျော်ကြေးတောင်းခံမှုများ မကြာခဏ ဖြစ်ပွားနေကြောင်း လှိုင်သာယာစက်မှုဇုန်အတွင်း ရေးမှူး ဦးနေလင်းဇင်က ပြောသည်။

အဆိုပါ ပုဂ္ဂိုလ်များသည် ၎င်းတို့လယ်မြေအတွက် လျော်ကြေး တောင်းသည်ဟု ဆိုသော်လည်းပိုင်ဆိုင်မှုမပြနိုင်သည့်အပြင် မြေယာလျော်ကြေးတောင်းခံသည့် အမှုတိုင်းတွင် ထိုလူများသာဖြစ်နေသည်ဟု ၎င်းကဆိုသည်။

ရွှေလင်ဗန်းစက်မှုဇုန်ရှိ EverPlastic စက်ရုံကို ဇန်နဝါရီ ၁၄ ရက်တွင် စက်ရုံဝင်ပေါက်နှစ်ခု၌ လယ်သမားဟုဆိုကာ လူအယောက် ၂၀ ခန့်က တဲထိုးပြီး နစ်နာကြေး ကျပ်သိန်း ၂၀၀ တောင်းခဲ့သည်ဟု အဆိုပါ စက်ရုံပိုင်ရှင် ဦးထွန်းထွန်းနိုင်က ပြောသည်။

‘‘ကျွန်တော်တို့ ညှိတော့ ၁၂၅ သိန်းနဲ့ အဆင်ပြေသွားတယ်။ စရန် ၂၅ သိန်းပေးလိုက်ရတယ်။ သိန်း ၁၀၀ ကို နောက်သုံးရက်နေရင်ပေးမယ်လို့ ကတိပေးထားတယ်။ ဒါကို လွှတ်တော် ကော်မတီက မပေးဖို့တားလို့ မပေးဘဲ ထားလိုက်တယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထိုသို့ တဲထိုးပိတ်ဆို့မှု ကြောင့် စက်ရုံငါးရက် ပိတ်ခဲ့ရ ကြောင်း ဦးထွန်းထွန်းနိုင်က ပြော ကြားသည်။
ရွှေလင်ဗန်းစက်ရုံတွင် လက်ရှိအထိ အကွက်နံပါတ် (၈၅)နှင့် (၄၂၆) တို့တွင် အလားတူကိစ္စများ ဖြစ်နေပြီး အဆိုပါစက်မှုဇုန်တစ်ခုတည်းတွင် ထိုကဲ့သို့ ကိစ္စမျိုး ခုနစ်ခုထက် မနည်းဖြစ်ခဲ့သည်ဟု ဦးထွန်းထွန်းနိုင်က ဆိုသည်။

အထက်ပါ ငွေတောင်းခံမှု နှင့် ပတ်သက်၍ လယ်သမားနှင့် စက်ရုံမြေယာပြဿနာဖြစ်ပွားသဖြင့်အမှုဖွင့်ပေးပြီး တရားစွဲဆိုနေပြီ ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
credit: 7 Day

0 comments:

Post a Comment