Thursday, January 26, 2017

ဖားကန့်ဒေသအတွင်းရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်အားလုံး ၂၀၁၉ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်

Image may contain: sky, outdoor and nature
ကချင်ပြည်နယ်၊ ဖားကန့်ဒေသအတွင်း လုပ်ကိုင်နေသော ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်အားလုံးမှာ ၂၀၁၉ ခုနှစ်တွင် သက်တမ်းကုန်ဆုံးကြမည်ဟု ဖားကန့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး၏ ပြောကြားချက်အရ သိရသည်။
၂၀၁၉ ခုနှစ်တွင် ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်အားလုံး သက်တမ်းကုန်ဆုံးကြမည် ဖြစ်သော်လည်း လက်ရှိအချိန်တွင် လုပ်ကိုင်နေဆဲ ကုမ္ပဏီများမှာ လုပ်ကွက်နှင့် ယာဉ်ယန္တရား သုံးစွဲမှုပြဿနာများ ရှိနေကြောင်း၊ ၎င်းတို့အား စစ်ဆေးရန် အဓိကတာဝန်ရှိသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန၊ ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခင်း) အနေဖြင့် ၀န်ထမ်း အင်အားအလုံအလောက် မရှိသည်ကို သိရှိရကြောင်း ဦးတင့်စိုးက ပြောကြားသည်။
“၂၀၁၉ အထိကို အများကြီးသက်တမ်းတွေ ရှိနေတာတွေ့ရတယ်။ သက်တမ်း မတိုးပေးတော့ဘူးသာ ပြောပေမယ့် ၂၀၁၂ ခုနှစ်လောက်က ကြားထဲမှာ သူတို့နားလိုက်ရတဲ့ နှစ်နှစ်အစား ပြန်ပေးရတဲ့ဟာတွေ ရှိတယ်။ ဒါပေမဲ့ အခုအတိုင်းဆိုရင် အားလုံးက ၂၀၁၉ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာပါ။ အဲဒီအချိန်ဆို ကျောက်စိမ်းက ကုန်လည်း ကုန်ပါပြီ။ လုပ်ကွက်တွေလည်း သက်တမ်းကုန်ဥပဒေလည်း ပြုလို့ပြီး လုပ်စရာလည်း မရှိတော့ဘူး။ အခုလည်း ကျောက်တူးစရာက လုံးခင်းဘက်ပဲ အများဆုံး ကျန်တော့တယ်။ လုံးခင်းအုပ်စုထဲက ဖ၀ါ၊ ကထန်၊ ၀ါကျဲ၊ ငိုးပင်း၊ ကုဋေမှာပဲ အများဆုံးကျန်တာ။ နည်းနည်းနောနော မဟုတ်ဘူး။ ဒီဘက်အပိုင်းမှာလည်း လုပ်ကွက်ပိုင်းဆိုင်ရာ ပြဿနာ၊ ယာဉ်သုံးစွဲမှုပိုင်းဆိုင်ရာ ပြဿနာအများကြီး ရှိတယ်။ ဒါတွေကို စစ်ဆေးစောင့်ကြည့်ဖို့ ကျောက်စိမ်းရုံးကလည်း ၀န်ထမ်းအင်အား အရမ်းနည်းပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ဆိုသည်။
လက်ရှိတွင် ဖားကန့်ဒေသအတွင်း ကျန်ရှိနေသည့် ပုဂ္ဂလိကလုပ်ကွက် ၁၁၅၀ နှင့်အကျိုးတူလုပ်ကွက် ၂၀၀ ကျော်တို့ ကျောက်စိမ်းတူးဖော်လျက် ရှိကြောင်း သိရသည်။ ထိုသို့ တူးဖော်ရာတွင် ယာဉ်ယန္တရားများ ပိုမိုသုံးစွဲကာ အားစိုက်လုပ်ကိုင်လျက် ရှိပြီး အချို့မှာ သတ်မှတ်ထားသည့် စုပေါင်းစွန့်ပစ် မြေစာပုံများသို့ပင် အချိန်ကြန့်ကြာမှုကြောင့် မြေစာသွားရောက် မစွန့်ပစ်တော့ဘဲ နီးစပ်ရာများတွင် စွန့်ပစ်လျက်ရှိရာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများစွာ ရှိနေကြောင်း သိရသည်။
ဆိပ်မူကျေးရွာအုပ်စုမှ ဦးထွေးမောင်က “၂၀၁၉ ခုနှစ်မှ လုပ်ကွက်တွေ သက်တမ်းကုန်မယ်ဆိုရင် အဲဒီအချိန်ကျရင် ဘာမှကျန်တော့မှာ မဟုတ်ဘူး။ အခုမှ ၂၀၁၇ ခုနှစ်စဆိုတော့ သုံးနှစ်ကြီးတောင် အချိန်ရှိသေးတယ်။ အခုတူးဖော်နေတဲ့ အနေအထားအတိုင်းဆိုရင် ၂၀၁၈ ခုနှစ်ဆိုရင်တောင် ကျောက်ကြောတွေ ကုန်လောက်ပြီ။ အခုချိန်အထိ အကြီးစားတူးဖော်မှုကလည်း ပယ်ဖျက်သေးတာ မဟုတ်ဘူး။ ဒီပတ်ဝန်းကျင်နားက လုပ်ကွက်တွေဆိုရင် အင်တိုက်အားတိုက် တူးဖော်လုပ်ကိုင်နေတာ တွေ့ရတယ်။ မိုင်းခွဲတာလည်း ယမ်းတွေ အများကြီးနဲ့ခွဲတာ မလျှော့ဘူး။ ဖားကန့်ဒေသမှာ သတ်မှတ်ထားတဲ့ စုပေါင်းမြေစာပုံ ၁၁ ပုံရှိတယ်။ အဲဒီမှာ သွားစွန့်ပစ်နေရင် အချိန်ကြန့်ကြာလို့ တချို့ကုမ္ပဏီတွေက နီးစပ်ရာ အနီးအနားတွေမှာ မြေစာစွန့်ပစ်လာကြတယ်။ ဒီလိုစွန့်ပစ်တာဟာ သဘာဝပတ်ဝန်းကျင်ကို အများကြီး ထိခိုက်ပျက်စီးစေပါတယ်” ဟု ဆိုသည်။
Writer:
အောင်ဟိန်းမင်း
Credit: Eleven Media Group

0 comments:

Post a Comment