Thursday, February 02, 2017

ထိုင်းနိုင်ငံတွင် လူကုန်ကူးခံရသူ အမျိုးသမီး ၁၅ ဦးအား မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်


ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဗိုလ်မှူးကြီးအေ့ကွန်း ဘွတ်စဖားဘန်ဒင်း ဦးဆောင်သော အဖွဲ့ဝင် ၃ဝ တို့သည် ထိုင်းနိုင်ငံတွင် လူကုန်ကူးခြင်းခံခဲ့ရသော အမျိုးသမီးငယ် ၁၅ ဦးကို တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့ မှူးရုံးသို့ ဇန်နဝါရီ ၃၁ ရက် နံနက် ၁ဝ နာရီခွဲက လာရောက်လွှဲအပ်ခဲ့ရာ မြန်မာဘက်မှ ကျိုင်းတုံပြည်နယ်မှူး၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးကျော်သူနိုင်၊ ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးဒုဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထိန်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(၁)မှ တပ်ဖွဲ့စိတ်မှူး ရဲမှူးရင်ရင်အေးတို့ ဦးစီး၍ အမျိုးသမီး သက်မွေးအတတ်ပညာ သင်ကျောင်းမှ ဒုတိယကျောင်းအုပ် ဒေါ်စောယုသွယ်နှင့် ဆရာမများ၊ တာချီလိတ် လူမှုဝန်ထမ်းဌာနမှ ဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာ ကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မိခင်နှင့် ကလေး အသင်းဝင်များ၊ ဒေါ်ခင်မျိုးသန့် ဝေါလ်ဗွီးရှင်းမြန်မာ(ရန်ကုန်-ကျိုင်းတုံ-တာချီလိတ်)အဖွဲ့တို့မှ လက်ခံသည်။

အဆိုပါ လွှဲပြောင်းလက်ခံသော အမျိုးသမီးငယ် ၁၅ ဦးတို့သည် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခြင်း၊ နေထိုင်ခွင့်ကတ်ပြားမရှိခြင်း၊ နယ်စပ်ဖြတ်သန်းခွင့် ခုနစ်ရက် ကျော်လွန်ခြင်းတို့ကြောင့် ရှောင်တခင် စစ်ဆေးချက်အရ ဖမ်းဆီးခံရသည်။ ၎င်းတို့မှာ လူကုန်ကူးခံရကြောင်း စစ်ဆေးတွေရှိသဖြင့် ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန လက်အောက်ရှိ ဂေဟာများတွင် လက်ခံစောင့်ရှောက်ထားသည့် ဂေဟာများအနက် Songkhla Shelter တွင်လက်ခံစောင့်ရှောက်ထားသည့် လူကုန်ကူးခံရသူ ၁၅ ဦးတို့အား နိုင်ငံသားစိစစ်မှုများ ပြုလုပ်ပြီးနောက် ထိုင်းနိုင်ငံတာဝန်ရှိသူများက ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။ ၎င်းတို့မှာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ တာချီလိတ်မြို့၊ မိုင်းယောင်းမြို့၊ မက်မန်းမြို့၊ မိုင်းခတ်မြို့၊ မိုင်းယန်းမြို့၊ ''ဝ''ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရအထူးဒေသ(၂) စသည့် ကျေးရွာအုပ်စုများတွင် နေထိုင်သူများဖြစ်ကြသည်။

အဆိုပါလွှဲပြောင်းပေးသူ ၁၅ ဦးအား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးထိန်ဝင်း၊ တာချီလိတ်ခရိုင် အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန်းနှင့် မိခင်နှင့်ကလေးကော်မတီဝင်များက နှစ်သိမ့်စကား ပြောကြားကာ တစ်ဦးလျှင် ကျပ် ၅ဝဝဝ စီ ထောက်ပံ့ပေးအပ်ခြင်းများ ပြုလုပ်ခဲ့သည်။ ဆက်လက်ပြီး ခရိုင်လူဝင်မှုကြီးကြပ်ရေး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းက မှတ်ပုံတင်မပြုလုပ်ရသေးသည့် အမျိုးသမီးငယ်များအား မှတ်ပုံတင်ပြုလုပ်ရေး ဆွေးနွေးပြောကြားပြီးနောက် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးကျော်သူနိုင်က တာချီလိတ်ဇာတိဖြစ်သော အမျိုးသမီး ငယ်နှစ်ဦးအား မိဘများထံ အပ်နှံပေးခဲ့ပြီး ကျန် ၁၃ ဦး ကို ကျိုင်းတုံ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်းမှ ဆရာမများနှင့် ဝေါလ်ဗွီးရှင်းမှ တာဝန်ရှိသူများက ယာဉ်မောင်း စိုင်းလုံမောင်းနှင်သော Mini Bus အမြန် ယာဉ်ငယ်ဖြင့် တာချီလိတ်မှ ကျိုင်းတုံသို့ ခေါ်ဆောင်သွားပြီး ၎င်းတို့၏ မိဘဆွေမျိုးများထံ ပြန်လည်အပ်နှံမည် ဖြစ်ကြောင်း သိရသည်။

Credit: MOI Webportal Myanmar

0 comments:

Post a Comment