ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဦးဆောင်ပြီး လူ့အခွင့်အရေး အလုပ်သမားအခွင့်အရေး၊ အလုပ်သမားသမဂ္ဂပညာရေး၊ လိင်နဲ့လိင်ကွဲပြားမှုအခြေပြုသင်တန်းတရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တနေရာမှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစတင်ပြီး သုံးရက်ကြာပြုလုပ်ခဲ့ပါတယ်။ ဒီသင်တန်းကို တောင်ယာ အလုပ်သမား ဆောက်လုပ်ရေးအလုပ်သမား စက်ရုံအလုပ်သမားတွေ အပါအ၀င် စုစုပေါင်း ရွှေ့ပြောင်းမြန်မာအလုပ်သမား (၁၃)ဦးတက်ရောက်ခဲ့ပြီး သင်တန်းဆရာ (၄)ဦးက ဦးဆောင်ဆွေးနွေး သင်တန်းပေးခဲ့တာဖြစ်ပါတယ်။

သင်တန်းပြုလုပ်ပေးရတာနဲ့ပတ်သက်လို့ “မြန်မာအလုပ်သမားတွေ အများစု ရှိတဲ့
မဲဆောက်လိုနေရာမျိုးမှာတောင် အခွင့်အရေး ချိုးဖေါက်ခံနေရတာဟာ
စည်းလုံးညီညွှတ်မှု မရှိလို့ပဲ၊ ဒါကြောင့် ဒီနှစ်ထဲမှာ အလုပ်သမားတွေကို
စုစည်းညီညွှတ်ပြီး အခွင့်အရေးတွေကို တောင်းဆိုတတ်လာအောင် ရည်ရွယ်ပြီး
သမဂ္ဂပညာရေးကို ထည့်သွင်း သင်တန်းပို့ချရတာဖြစ်တယ်
ကျန်တဲ့အခွင့်အရေးတွေဖြစ်တဲ့ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လိင်နဲ့
လိင်ကွဲပြားမှုအခြေပြုတာတွေကိုတော့ ပြီးခဲ့တဲ့ နှစ်အတိုင်း ပြောင်းလဲခြင်း
မရှိသေးပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ပုံစံအမျိုးမျိုးနဲ့ လုပ်ငန်းရှင်တွေက
ချိုးဖေါက်မှုတွေကို ကျူးလွန်နေဆဲ ဖြစ်တာကြောင့် သင်တန်း
ပို့ချရခြင်းဖြစ်ပါတယ်” လို့ သင်တန်းဖြစ်မြောက်ရေး ဦးဆောင်သူတွေက
ပြောပါတယ်။
သင်တန်း ပထမရက်မှာ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ မွေးရာပါလူ့အခွင့်အရေး၊ လူ့အခွင့်အရေး ကြေညာစာတမ်းပါ လူ့အခွင့်အရေးအပိုဒ်၃၀စလုံးကို သင်တန်းဆရာ ကိုမျိုးကိုက ဦးဆောင် ပို့ချပေးခဲ့တာဖြစ်ပါတယ်။
သင်တန်း ဒုတိယရက် မနက်ပိုင်းမှာတော့ လိင်နဲ့ လိင်ကွဲပြားမှုအခြေပြုအသိပညာရပ်တွေကို သင်တန်းဆရာမ ဒေါ်သူဇာကြိုင်က ဦးဆောင်ပို့ချ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ သင်တန်း ဒုတိယရက် နေ့လည်ပိုင်းမှာတော့ အလုပ်သမားအခွင့်အရေးဆိုင်ရာတွေကို သင်တန်းဆရာ ကိုဟိန်းမှ ဦးဆောင်ပို့ချ ဆွေးနွေးခဲ့ပါတယ်။
သင်တန်း တတိယရက်မှာတော့ အလုပ်သမားသမဂ္ဂပညာရေး အသိပညာရပ်တွေကို သင်တန်းဆရာ ကိုမျိုးမှ ဦးဆောင်ပို့ချဆွေးနွေးခဲ့ပါတယ်။
အခုသင်ကြားပို့ချပေးနေတဲ့ အသိပညာရပ်တွေဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် လက်တွေ့ရင်ဆိုင်နေရတဲ့ ချိုးဖေါက်ခံရမှုတွေဖြစ်တယ်လို့ သင်တန်းတက်ရောက်တဲ့ သင်တန်းသူတဦးက ပြောပါတယ်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ကို ၁၉၉၉ ခုနှစ်မှ စတင်တည်ထောင်ကာ ရွှေ့ပြောင်းအလုပ်သမားများအတွက် ကူညီလုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတခုဖြစ်တယ်လို့ သိရပြီး၊ ထိုင်းနိုင်ငံ မဲဆောက်ဒေသတွင်းမှာ ထိုင်းလုပ်ငန်းရှင်ကို ပထမဦးဆုံး တရားစွဲဆို အနိုင်ရရှိခဲ့တဲ့ အဖွဲ့အစည်းတခုဖြစ်တယ်လို့ လည်းသိရပါတယ်။

0 comments:
Post a Comment