Monday, September 13, 2010

ဦးဝင်းတင်(သို့) ပြောင်မြောက်သော သတ္တိရှင်

ချမ်းမြေ့ခင်
ကျမ နှိင်ငံရေး အမှုနဲ့ အင်းစိန်ထောင်မှာ ရှိခဲ့စဉ်က ဘဘ ဦးဝင်းတင်နဲ့အတူ တခြားနိုင်ငံရေး အကျဉ်းသားတွေ နောက်မှုတိုးခဲ့ ကြရပါတယ်၊ ဒီသတင်းကို ကြားတော့ ကျမတို့အားလုံး စိတ်မကောင်းကြပါဘူး။ ဦးဝင်းတင်ဟာ NLD ရဲ့ ရဲရဲတောက် ခေါင်းဆောင်တဦး ဖြစ်နေလို့ပါ။

သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဟာ ငယ်ရွယ်စဉ် ဘဝ ထဲက သတင်းစာပညာနဲ့ အသက်မွေး ဝမ်းကျောင်းခဲ့ ပါတယ်၊ ဒေါ်စန်းစန်း (ဆိပ်ကမ်း အမတ်) ပြောခဲ့တာက ၁၉၅၈ခု ရွေးကောက်ပွဲမှာ ဦးနုခေါင်းဆောင်တဲ့ သန့်ရှင်း ဖဆပလ အနိုင်ရ သတင်းစာတွေထဲကနေ လှုံ့ဆော်ပေးခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဦးကျော်ငြိမ်း ခေါင်းဆောင်တဲ့ တည်မြဲ အဖွဲ့ကို စစ်အာဏာရှင် ဗိုလ်နေဝင်းက ကျောထောက်နောက်ခံ ပေးထားခဲ့လို့ပါဘဲ။ အဲဒီ အချိန်ကထဲက စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ခဲ့တာပါ။
သတင်းစာ လုပ်ငန်းကိုလည်း တော်တော် စိတ်ဝင်စားခဲ့ပါတယ်။ ၁၉၅၄မှ ၁၉၅၇ ခုထိ နယ်သာလမ်နိုင်ငံ အမ်စတာဒမ်မြို့မှာ နေစဉ် နိုင်ငံတကာက မြန်မာတွေအတွက် “ဒို့ပြည် သတင်း”ဆိုတဲ့ သတင်းစာကို အစောင် ၅၀ဝ ကိုယ့်ပိုက်ဆံ ပိုယ်စိုက်ထုတ်ပြီး ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။ ရည်ရွယ်ချက်က မြန်မာပြည်ရဲ့ အရေးကိစ္စတွေကို မျက်ချေမပြတ်အောက်လို့ပါ။

မြန်မာပြည်ကို ပြန်ရောက်တဲ့ ၁၉၅၇ ခုနှစ်မှာလည်း ကြေးမုံသတင်းစာကို စတင်ထူထောင် သူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ ကြေးမုံ သတင်းစာ အယ်ဒီတာအဖြစ် ဆရာဇဝန၊ ကြေးမုံဦးသောင်း၊ စိန်ခင်မောင်ရီ တို့နဲ့အတူ တွဲဖက်လုပ်ကိုင်ခဲ့ပါတယ်။

မဆလ ခေတ်တလျောက်လုံး ဗိုလ်နေဝင်း မန္တလေး ရောက်တိုင်း ဦးဝင်းတင်ကို နန်းတော်ထဲခေါ်ပြီး တလေးတစား တွေ့ဆုံခဲ့ပေမယ့် ဦးဝင်းတင်ကတော့ ဂရုမစိုက်ခဲ့ပါ။ ဦဝင်းတင်ဟာ သတင်းစာ ဆရာဘဝကိုသာ မြတ်နိုးခဲ့ပြီး ရာထူးဂုဏ်ရှိန်ကို မမက်မောခဲ့။

ဗိုလ်နေဝင်းက ပြန်ကြားရေးဝန်ကြီးဌာနမှာ ဒုဝန်ကြီး ခန့်အပ်ခဲ့ပေမဲ့ ဦးဝင်းတင်က လက်မခံခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကလဲ “သူဟာ ဒီမိုကရေစီ လှုပ်ရှားမှုအစပိုင်းကထဲက ပါဝင်ခဲ့သူဖြစ်တယ်။ သူဟာ သမိုင်းစဉ်ဆက် မှန်မှန်ကန်ကန် ရပ်တည်ခဲ့သူဖြစ်တယ်။ ဒါကြောင့် သူ့ရဲ့ ခွန်အားသတ္တိဟာ ယုံမှားသံသယ ဖြစ်စရာ မလိုဘူး”လို့ ပြောခဲ့ဘူးပါတယ်။

သူ့အကြောင်းကို ဆရာကြီး လူထုဦးစိန်ဝင်းက “သူဟာ အင်မတန်ကို စိတ်သဘော မြင့်မြတ်တဲ့ သူပါ။ ဘဝ တလျောက်လုံး သူ့ကိုယ်ကျိုး စီးပွားအတွက် ဘာမှ မလုပ်ခဲ့ဘူး။ တိုင်းပြည်အတွက် သတင်းစာလောက အတွက်ဘဲ သူလုပ်ခဲ့တာ၊ သူ့ခေတ်မှာ သူ့လောက်တော်တဲ့လူ မရှိဘူး” ဆိုပြီး တလေးတစား ပြောသွားခဲ့ပါတယ်။

ထောင်ထဲမှာလည်း အလကား မနေခဲ့ပါဘူး။ ထောင်ထဲက လူ့အခွင့်အရေး ချိုးဖောက်မှုကို အပြင်လောက က သိအောင် ပြောပြခဲ့ပါတယ်။ ထောင်တွင်းတိုက်ပွဲတွေမှာလဲ သူ့အသက် သူ့အရွယ်နဲ့ ပါဝင်ခဲ့ပါတယ်။ တကယ့်ကို မြန်မာပြည်ရဲ့ ဂုဏ်ယူဖွယ် ရဲရဲတောက် သတ္တိပြောင်မြောက်တဲ့လူဖြစ်ပါတယ်။

ချမ်းမြေ့ခင်

0 comments:

Post a Comment