Monday, September 13, 2010

စာအုပ်အညွှန်း

စာအုပ်အမည်-  အောင်ဘာလေ
ရေးသူအမည်-   မင်းလူ
ထုတ်ဝေသူ-     ဦးစန်းမွန်အောင် (ငါတို့စာပေ)
ပုံနိပ်ခြင်း-        ပထမအကြိမ် (ဇန်နဝါရီလ၊ ၂၀၁၀ခုနှစ်)
စာအုပ်အရွယ်အစား-     ၂၇.၃ စင်တီမီတာ ထ ၂၀ စင်တီမီတာ (စာမျက်နှာ-၂၀ဝ)

လူတကာကို ဖြူစင်ရိုးသားစွာ စေတနာသက်သက် ကူညီရိုင်းပင်းတတ်တဲ့ အောင်ဘာလေ ဆိုသည့် လူငယ်လေး တစ်ဦးရဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ မြန်မာစကားပုံတခုဖြစ်တဲ့ “အများအကျိုးဆောင် ကိုယ့်အကျိုးအောင်” ဆိုတဲ့ အတိုင်း အများကို ကူညီရိုင်းပင်းတတ်တဲ့ အောင်ဘာလေရဲ့ ရိုးသားမှုများကြောင့်  သူ့အား ကောက်ကျစ်လှည့်ဖြားချင်သူ မခရေ ကိုယ်တိုင်အကြံအစည် မအောင်မြင်ဘဲ ဖြစ်ရပုံ၊ ရိုးသားစွာ ကူညီတတ်မှုကြောင့် နွေဦးရဲ့  ဖြူစင်တဲ့ အချစ်စစ်စစ်ကို ရှာဖွေတွေ့ရှိ ပိုင်ဆိုင်ရပုံကို ဟာသနှောကာ ပုံဖော်ထားပါတယ်။
မျက်မှောက်ခေတ်မှ လူ့သဘာဝတွေကိုလည်း စာရေးသူက ပညာပါပါဟာသနှောကာ
တင်ဆက်ထားပါတယ်။ ကျေးဇူးဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အတော်များများကိုလည်း စာရေးသူက
ပါးပါးနပ်နပ်တင်ပြထားပါသေးတယ်။ လူသားချင်း စာနာထောက်ထားမှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှု
စတဲ့ လောကနီတိမှာ အလိုအပ်ဆုံးသော လူ့ကျင့်ဝတ်သိက္ခာများကို
လက်ကိုင်ထား ကျင့်သုံးသူတိုင်းဟာ တနေ့မှာ သုခချမ်းသာနဲ့တကွ အောင်မြင်မှုတွေ
တောင့်တမှုလိုအင်တွေကို လက်ဝယ်ပိုင်ပိုင်ရနိုင်မယ်ဆိုတဲ့ အသိလေးကိုလည်း စာရေးဆရာက
သူ့ရဲ့ကလောင်စွမ်း နဲ့ ဇာတ်ကောင် အောင်ဘာလေကို မူတည်ပြီး စာဖတ်ပရိသတ်ကို
အသိပညာပေးထားတာတွေ့ရပါတယ်။

အချုပ်အားဖြင့်ဆိုရလျှင် စာရေးဆရာမင်းလူရဲ့ ၁၅အုပ်မြောက် လုံးချင်းဝတ္တုသစ်ဖြစ်တဲ့ အောင်ဘာလေ
ဟာ  ယခုကာလမှာ မမြင်မတွေ့မခံစားရတော့တဲ့ ရှားပါးတဲ့ ဖြူစင်ရိုးသားခြင်းရဲ့ အောင်ပွဲကို
ခံစားရရှိနိုင်စေမယ့် စာအုပ်လေးဖြစ်တာမို့ စားဝတ်နေရေးအတွက်နဲ့ လောကအလယ်မှာ
မာယာများစွာနဲ့ ကောက်ကျစ်မှု ဟန်ဆောင်မှုတွေကြားက မွန်းကျပ်နောက်ကျိနေရတဲ့
လုပ်သားပြည်သူများရဲ့ ရင်ကို ဟာဒယရွှင်လန်းစေမယ့် စာအုပ်ကောင်းတစ်အုပ် လည်းဖြစ်တာမို့
မဖြစ်မနေဖတ်ရှုကြည့်ဖို့တိုက်တွန်းလိုက်ရပါတယ်။

ညနေဥာဏ်

0 comments:

Post a Comment