Thursday, July 18, 2013

တောင်သူအခွင့်အရေး ကာကွယ်ပေးမည့် ဥပဒေတစ်ရပ် လိုအပ်

မကြာမီက လွှတ်တော်သို့ တင်သွင်းခဲ့သော တောင်သူလယ်သမားများ၏ အကျိုးစီးပွားမြှင့်တင်ရေး
ဥပဒေမူကြမ်းတွင် အားနည်းချက်များ ရှိနေပြီး တောင်သူများ အဓိကလိုအပ်နေသည့် အခွင့်အရေး
များကို ကာကွယ်ပေးနိုင်မည့် ဥပဒေတစ်ရပ် မဖြစ်နိုင်ကြောင်း ၈၈ မျိုးဆက် လယ်ယာစီးပွားနှင့်
တောင်သူလယ်သမားရေးရာ ကော်မတီက ဇူလိုင်လ ၃ ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာ
ရှင်းလင်းပွဲ၌ သုံးသပ်ပြောကြားခဲ့သည်။
"ကျွန်တော်တို့က ငြိမ်းချမ်းရေးနဲ့ တောင်သူ လယ်သမားအရေးကို အဓိကထားထာပါ။ အဲဒီအတွက်
လက်တွေ့နဲ့ ပိုနီးစပ်တာတွေကို လေ့လာပြီး ကောက်ချက်ဆွဲထားပါတယ်။ မကြာခင်က လွှတ်တော်
မှာ တောင်သူလယ်သမားတို့ရဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကြမ်းကို တင်သွင်းလိုက်ပါပြီ။
"ဇွန်လ ၃၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ ထဲမှာလည်း ပါပါတယ်။ အများပြည်သူရဲ့
အကြံပြုချက်တွေကို လိုချင်တယ်လို့ ရေးထားပါတယ်။ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ
လွှတ်တော်ရေးရာကော်မတီတွေ ကိုလည်း တင်သွင်းမှာဖြစ်ပါတယ်"ဟု ကော်မတီခေါင်းဆောင်
ဦးထွန်းမြင့်အောင်က ပြောသည်။
"လယ်သမား အကျိုးစီးပွားမြှင့်တင်တာက ကောင်းပါတယ်။ ဒါပေမဲ့ အကျိုးစီးပွားတွေကို
ဖော်ဆောင်နိုင်ဖို့ဆိုတာ အခွင့်အရေးတွေ အပြည့်အ၀ရဖို့လိုပါတယ်။ ဒီနေ့ ကျွန်တော်တို့ တိုင်းပြည်
မှာ လယ်သမားတွေဟာ အခွင့်အရေးတွေ အများကြီးဆုံးရှုံးနေပါတယ်။ လယ်ယာမြေ မတရား
သိမ်းဆည်းခံရမှု ကိစ္စတွေဟာ ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်ကတည်းကရှိခဲ့တာ ဒီနေ့ အချိန်အထိ
လည်း ပြေလည်အောင် မဖြေရှင်းပေးနိုင်သေးပါဘူး" ဟု ၎င်းကပြောသည်။
လယ်သမားများသည် ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းရေး
ကော်မရှင်၏ စုံစမ်းနေဆဲကာလတွင် အခက်အခဲများစွာနှင့် ကြုံတွေ့နေရသောကြောင့် ထွန်တုံး
တိုက်ပွဲများဆင်နွှဲခြင်း၊ လယ်ထွန် မင်္ဂလာပြုလုပ်ခြင်းတို့ကို ပြုလုပ်ကြသဖြင့် ဖမ်းဆီးထိန်းသိမ်းခံ
နေရကြောင်း ဦးထွန်းမြင့်အောင်က ပြောသည်။
"လွှတ်တော်မှာ လယ်ယာမြေသိမ်းဆည်းခံရမှု ပြဿနာတွေကို ဖြေရှင်းပေးဖို့ စုံစမ်းရေး ကော်မရှင်
ဆိုတာ ဖွဲ့တယ်။ ခက်တာက ကော်မရှင်က စုံစမ်းနေတုန်းမှာ လယ်သမားတွေက လယ်မစိုက်ရဘဲနဲ့
ထမင်းငတ်နေရတဲ့ အခြေအနေဆိုက်နေတယ်။ လယ်တွေသိမ်းထားပြီးတော့ စီမံကိန်းတွေလုပ်ထား
တာမရှိဘူး၊ အဆောက်အအုံတွေ ဆောက်ထားတာမရှိဘူး။ လွတ်နေတဲ့နေရာမျိုးတွေမှာ မူလ
ပိုင်ရှင်လယ်သမားတွေကို လတ်တလောမှာ စိုက်ပျိုးခွင့်ပေးဖို့ဆိုပြီး အကြိမ်ကြိမ်တင်ပြတယ်။
ဒါလည်းဖြစ် မလာတော့ လယ်သမားတွေက သမ္မတကိုတိုင်တယ်။ စုံစမ်းရေးကော်မရှင်ကို
တိုင်တယ်။ မရတဲ့အဆုံးမှာ လယ်သမားတွေက အခုဆို ထွန်တုံးတိုက်ပွဲတို့၊ လယ်ထွန်မင်္ဂလာတို့
ဆိုတာတွေနဲ့ လယ်ထဲကိုဆင်းကြတယ်။ အဲဒီလိုဆင်းတော့ လယ်သမားတွေ အဖမ်းခံရတယ်၊
တရားဆွဲခံရ တယ်။ အဲဒီတော့ လယ်လည်းဆုံးတယ်၊ အမှုလည်း ရှုံးပြီးတော့ လယ်သမားတွေရဲ့
အခြေအနေက ခုချိန်မှာ ဘ၀လုံခြုံမှုတွေ ကင်းမဲ့နေတယ်"ဟု ၎င်းက ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားများက လယ်သမား အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကြမ်းကို ကန့်ကွက်
ခြင်းမဟုတ်ဘဲ ယင်းအရှေ့တွင် လယ်သမားအခွင့်အရေးကို ကာကွယ်သော ဥပဒေ ပြဋ္ဌာန်းရန်
အရေးတကြီးလိုအပ်နေကြောင်းကို တင်ပြခြင်းဖြစ်ကြောင်း ဦးထွန်းမြင့်အောင် က ပြောသည်။
"ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း လယ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်တဲ့ဥပဒေတွေ
ပြဋ္ဌာန်းပေးရမယ်လို့ ဆိုထားပါတယ်။ ၁၉၆၃ ခုနှစ် တောင်သူလယ်သမား အခွင့်အရေးကာကွယ်တဲ့
ဥပဒေဆိုတာလည်း ရှိခဲ့ဖူးပါတယ်။ ထိုဥပဒေဟာလည်း၂၀၁၂ မြေယာဥပဒေကြောင့် အလိုလို
ရုပ်သိမ်းပြီးသား ဖြစ်သွားပါတယ်။ အဲဒီတော့ လယ်သမား အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဥပဒေ
လစ်ဟာနေပါတယ်။ အရင် ၆၃ ခုနှစ်ဥပဒေက အားသာတဲ့ အချက်တွေကိုယူ၊ အားနည်းတဲ့အချက်
တွေကို ပယ်ပြီးတော့ ခေတ်ကာလနဲ့ လျော်ညီတဲ့ လယ်သမား အခွင့်အရေး ကာကွယ်တဲ့ ဥပဒေကို
အမြန်ဆုံးပြဋ္ဌာန်းပေးနိုင်ဖို့ ကျွန်တော်တို့က အကြံပြု တိုက်တွန်းချင်တာပါ"ဟု ၎င်းက ပြောသည်။
ထို့ပြင် လတ်တလောထုတ်ပြန်လိုက်သော ဥပဒေကြမ်းတွင် အားနည်းချက်များရှိနေပြီး ထိုသို့ဖြစ်ရ
ခြင်းမှာ စစ်မှန်သော တောင်သူလယ်သမားကိုယ်စားလှယ်များ မပါဝင်သောကြောင့် ဖြစ်ကြောင်း
ကော်မတီဝင် ဦးမျိုးအောင်က ပြောသည်။
"တိုင်းပြည်တစ်ပြည်လုံးအတွက် လိုအပ်တဲ့ ဥပဒေတစ်ခုကို ရေးဆွဲတဲ့အခါမှာ သက်ဆိုင်ရာ
ကာယကံရှင်တွေ ပါဝင်ဖို့လိုပါတယ်။ လယ်သမားဥပဒေ ရေးဆွဲဖို့ဆိုရင် စစ်မှန်တဲ့ လယ်သမား
ကိုယ်စားလှယ်တွေ ပါဝင်ဖို့လိုပါတယ်။ မူကြမ်းရေးဆွဲရေး အစည်းအဝေးတွေမှာ တက်လာတာက
အစိုးရ ကိုယ်စားလှယ်တွေရယ်၊ စီးပွားရေး လုပ်ငန်းရှင်တွေရယ်ပဲ တက်လာပြီး ဒီလူတွေကပဲ
ဆွေးနွေးတယ်ဆိုတော့ ထွက်လာတဲ့အဖြေဟာ ဒီမူကြမ်းကိုဖတ်ကြည့်ရင် သိပါလိမ့်မယ်" ဟု
၎င်းကပြောသည်။
မူကြမ်းတွင် ချေးငွေကိစ္စ၊ ဈေးကွက်နှင့် ဈေးနှုန်းကိစ္စ၊ စက်မှုလယ်ယာကိစ္စ ဟူသည့် ရည်ရွယ်ချက်
သုံးချက်သာ ပါဝင်ပြီး ထိုကိစ္စသုံးရပ်သည် စီးပွားရေးလုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်းရှင်များ၊ စက်မှု
လုပ်ငန်းရှင်များနှင့် ကုန်သည်များနှင့်သာ အကျိုးစီးပွားနွှယ်နေကြောင်း တွေ့ရှိရပြီး လယ်သမားများ
အတွက် အထူးလိုအပ်နေသော မြေယာပိုင်ဆိုင်မှုကိစ္စများ ကျန်ရှိခဲ့ကြောင်း ဦးမျိုးအောင်က
ထောက်ပြခဲ့သည်။
"မြေယာသိမ်းဆည်းမှု ပြဿနာတွေကို ဘယ်လိုဖြေရှင်းပေးမှာလဲ၊ မြေယာသိမ်းဆည်းမှုတွေ ဒီလို
မဖြစ်ပေါ်အောင် ဘယ်လိုကာကွယ်ပေးမှလဲဆိုတဲ့ အရေးကြီးဆုံးအချက်တွေ ကျန်ခဲ့ပါတယ်။
လယ်သမားတွေဟာ လုပ်စရာ မြေကွက်မှ ပိုင်ပိုင်နိုင်နိုင်မရှိဘဲနဲ့ သူတို့အကျိုးစီးပွားကို ဘယ်လိုများ
ကျွန်တော်တို့ ဖော်ဆောင်ပေးနိုင်မှာလဲ"ဟု ၎င်းက ပြောသည်။
Credit The Myanmar Times

0 comments:

Post a Comment