Thursday, July 18, 2013

တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေး ဥပဒေ(မူကြမ်း) ကို ဧရာဝတီ တောင်သူများ ပြင်ဆင်ရန် လိုလား

ပြည်ထောင်စုလွှတ်တော်က ဇွန်လ ၃၀ ရက်နေ့တွင် အတည်ပြုခဲ့သည့် တောင်သူလယ်သမား
အကျိုးစီးပွားကာကွယ်ရေးဥပဒေ (မူကြမ်း) ကို ဧရာဝတီတိုင်းဒေသကြီးမှ တောင်သူများက
ပြင်ဆင်စေလိုကြောင်း ယခုလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင် ဧရာဝတီတိုင်းဒေသကြီး၊
ပုသိမ်မြို့နယ်၌ ပြုလုပ်သည့် ပြည်သူ့ရေးရာတာဝန်ခံယူမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြား
ခဲ့သည်။
"ဒီဥပဒေရဲ့ နာမည်ကိုက တောင်သူ လယ်သမား အကျိုးစီးပွား ကာကွယ်ရေးဥပဒေဆိုမှတော့
တောင်သူလယ်သမားတွေအတွက်ပဲ ဖြစ်သင့်ပါတယ်။ ဒီဥပဒေကြမ်းဟာ တောင်သူလယ်သမား
တွေကို အမှန်တကယ် အကျိုးသက်ရောက်မှု မရှိရင် လက်ခံနိုင်ဖွယ် မရှိပါဘူး" ဟု ဧရာဝတီတိုင်း
ဒေသကြီး၊ ကန်ကြီးဒေါင့်မြို့နယ်မှ လယ်သမားကိုယ်စားလှယ်တစ်ဦးက ပြောသည်။
သာပေါင်းမြို့နယ်မှ လယ်သမားတစ်ဦးဖြစ်သူ ဦးမျိုးမင်းထွန်းကလည်း ပြဋ္ဌာန်းလိုက်သော ဥပဒေ
မူကြမ်းသည် လယ်သမားများ၏ သဘောဆန္ဒများ နှင့် ကိုက်ညီရေးဆွဲထားခြင်း မဟုတ်သည့်
အတွက် ပြင်ဆင်ပေးရန်အကြံပြုလိုကြောင်း ပြောသည်။
"ဒီဥပဒေမူကြမ်းကို ရေးဆွဲတဲ့နေရာမှာ ကျွန်တော်တို့ လယ်သမားအစစ်တွေကို မေးမြန်းပြီး ဘာတွေ
လိုတယ်ဆိုတာကို ရေးဆွဲထားတာမဟုတ်ပါဘူး။ လယ်ယာစိုက်ပျိုးရေးကုမ္ပဏီပိုင်တဲ့ သူဌေးတွေကို
လယ်သမားတွေလို့ ပြောလို့မရဘူး။ ကျွန်တော်ကတော့ ဒါကို ပြင်ပေးဖို့ အများနဲ့အတူ တောင်းဆို
သွားမှာပါ" ဟု ၎င်းကပြောသည်။
သမ္မတရုံး စီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးမြင့်ကမူ ဥပဒေကြမ်းတွင်လယ်ယာမြေပြဿနာ
ကိစ္စမပါဝင်သည့်အတွက် ထည့်သွင်းသင့်ကြောင်း အကြံပြုပြောကြားထားသည်။
"ဥပဒေကြမ်းမှာ မပါဝင်တဲ့ ကိစ္စမှာ လယ်ယာမြေပြဿနာဖြစ်ပါတယ်။ ဒီပြဿနာဟာ အငြင်းအခုံ
တွေ၊ အငြင်းပွားစရာလည်းဖြစ်၊ နိုင်ငံရေးအရလည်း ရှုပ်ထွေးတဲ့ နယ်ပယ်ဖြစ်ပါတယ်။ သို့သော်
လယ်သမားတွေနဲ့ ကျေးလက် လူ့အဖွဲ့စည်းတွေရဲ့ စီးပွားရေး အဆင့်အတန်း မြင့်မားရေး၊ လူမှုရေး
ကောင်းကျိုးချမ်းသာ တိုးပွားရေးတို့အတွက် လယ်ယာမြေကိစ္စဟာ အချက်အချာကျပါတယ်။
ဒါကြောင့် ဒီကိစ္စဟာ ဥပဒေမူကြမ်းထဲမှာ ပါဝင်သင့်ပါတယ်" ဟု ဦးမြင့်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု တောင်သူလယ်သမားများ ကွန်ရက်ကမူ အဆိုပါ ဥပဒေ
မူကြမ်းအတွင်း တောင်သူလယ်သမားဟု အဓိပ္ပာယ်ဖွင့်ဆိုရာတွင် စီးပွားရေးလုပ်ငန်းရှင်ကြီးများ
ပါဝင်နေသည့်အတွက် အကျိုး စီးပွားမြှင့်တင်ရာတွင် ၎င်းတို့သာ အကျိုးခံစားခွင့် ပိုမိုရရှိမည်ဖြစ်ပြီး
လယ်သမားငယ်များအတွက်မူ အနည်းငယ်မျှသော အရောင်ပြ အကျိုးခံစားခွင့်သာ ဖြစ်မည်ဖြစ်
သောကြောင့် လယ်သမားငယ်များ အကျိုးစီးပွားအတွက် ဦးတည်ရေးဆွဲရန်ဟူသည့် အချက်
အပါအ၀င် အချက်ပေါင်း ရှစ်ချက်ကို တောင်းဆိုထားသည်။
ပြည်သူ့ရေးရာ တာဝန်ခံယူမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား အလင်းတန်း လူမှုကူညီရေးအသင်းမှ
ဦးဆောင်ကာ အစိုးရတာဝန်ရှိသူများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ လယ်သမားအရေး
ဆောင်ရွက်နေသော ဧရာဝတီတိုင်းဒေသကြီးမှ လူမှုအဖွဲ့အစည်းများ နှင့်တွေ့ဆုံဆွေးနွေးနိုင်ရန်
စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။
Credit The Myanmar Times

0 comments:

Post a Comment