Thursday, August 28, 2014

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ခေတ္တတည်းခိုရာနေအိမ်အတွင်းသို့ ထိုင်းရဲများ ၀င်ရောက်


မဲဆောက်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဖွင့်လှစ်ထားသော ခေတ္တတည်းခိုရာနေအိမ်သို့ သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၁ ခန့်တွင် ထိုင်းရဲများ ၀င်ရောက်ကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ခေတ္တတည်းခိုရာနေအိမ်အတွင်းရှိ YJ စက်ရုံမှ အလုပ်ဖြုတ်ခံခဲ့ရသော အလုပ်သမားများကို ဖမ်းဆီးရန် ထိုင်းရဲများက ကြိုးပမ်းခဲ့ကြသည်။ အဆိုပါအလုပ်သမားများသည် အလုပ်ဖြုတ်ခံထားရသည့်အတွက် နစ်နာကြေးတို့ကို ပြန်လည်တောင်းဆိုရန် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ ဥပဒေအထောက်အကူပြုဌာနတို့ လာရောက်စဉ် ထိုင်းရဲများက ဖမ်းဆီးရန် ကြိုးစားခဲ့ကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ခေတ္တခိုလှုံရာနေအိမ် တာဝန်ခံမှ ယခုလိုပြောဆိုခဲ့သည်။

‘ ခုလို ထိုင်းရဲတွေက ရုတ်တရက် ၀င်လာတော့ အလုပ်သမားတွေ အထိတ်တလန့် ဖြစ်သွားပါတယ်။ တချို့က အလုပ်ပြုတ်လို့ လာတိုင်တဲ့သူတွေ၊ တချို့က နေရာအခက်အခဲကြောင့်ရောက်လာတဲ့သူတွေ နဲ့ ကျတော်တို့ စက်ချုပ်သင်တန်းလာတက်တဲ့သူတွေနဲ့ဆိုတော့ တော်တော်များပါတယ်၊ လက်မှတ် ရှိတဲ့သူတွေလည်း ပါတယ်၊ လက်မှတ် မရှိတဲ့သူတွေလည်း ပါတယ်’

YJ စက်ရုံအလုပ်သမားများကို တွဲဖက်လုပ်ဆောင်ပေးနေသော ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့် မတ်ဖောင်ဒေးရှင်မှ ရှေ့နေများသည် ထိုင်းရဲများကို အပြန်အလှန်ပြောဆိုဆွေးနွေးပြီးနောက် ထိုင်းရဲများ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။

ယခုနှစ် မတ်လပိုင်းက YJ စက်ရုံတွင် လုပ်ငန်းရှင်က အထည်များကို တာင်းခြင်း၊ လုပ်အားခနည်းခြင်း၊ အလုပ်သမားများကို မတရားအလုပ်ထုတ်ခြင်းနှင့် အလုပ်ချိန်များခြင်းတို့ကြောင့် ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သို့ အကူအညီတောင်းခံသဖြင့် လိုက်ပါဆောင်ရွက်ပေးရာ အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်ဟု ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ဥပဒေရေးရာအထောက်အကူပြုဌာန တာဝန်ခံ မဇင်မာသက်က ပြောဆိုခဲ့သည်။ ယခုလ ၉ ရက်နေ့ကလည်း အလုပ်သမားခေါင်းဆောင်တဦးနှင့် လုပ်ငန်းရှင်က စကားအချေအတင်များရာမှ လုပ်ငန်းရှင်က ကိုယ်ထိလက်ရောက်စော်ကားလာသဖြင့် ရုတ်ရုတ်သဲသဲဖြစ်ပွားခဲ့ပြီးနောက် အလုပ်သမားကိုယ်စားလှယ် ၉ ဦးကို အလုပ်မှ ထုတ်ပယ်လိုက်သည်။

အဆိုပါ YJ စက်ရုံအလုပ်သမား ဖြစ်ပွားခဲ့သောဆန္ဒပြပွဲတွင် တောင်းဆိုခဲ့သော တောင်းဆိုချက်နှင့် အလုပ်သမား ၉ ဦး အလုပ်ထုတ်ခံရသောအမှုများကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့် MAP Foundation တို့မှ တွဲဖက်လုပ်ဆောင်ပေးလျက် ရှိသည်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သည် ၂၀၀၁ မှ ၂၀၁၄ ခုနှစ်အထိ ထိုင်းNGOsနှင့် ပူးပေါင်းကာ မြန်မာရွှေ့ပြောင်းအလုပ်သမားအတွက် ကူညီလုပ်ဆောင်ပေးခဲ့သော အမှုပေါင်း ၂၀၀ နီးပါးခန့်ရှိပြီး ဘတ်ငွေ ၁၇ သန်းကျော်ကို ရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု သိရသည်။
YCOWA

0 comments:

Post a Comment