Thursday, August 28, 2014

၅ ကြိမ်မြောက် အခြေခံလူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လိင်နှင့် လိင်ကွဲပြားမှုအခြေပြုသင်တန်း ပြုလုပ်

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ၅ ကြိမ်မြောက် အခြေခံလူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လိင်နှင့် လိင်ကွဲပြားမှုအခြေပြုသင်တန်းကို သြဂုတ်လ ၂၃ ရက် ၂၀၁၄ ခုနှစ်မှ သြဂုတ်လ ၂၅ ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြသည်။

သင်တန်းပြုလုပ်ရခြင်းနှင့် ပက်သက်၍ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ တာဝန်ခံ ကိုမျိုးဇော်က ယခုလို ပြောဆိုခဲ့သည်။

' မဲဆောက်မှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ခုချိန်ထိ လုပ်ခလစာတွေ ခေါင်းပုံဖြတ်ခံနေရတယ်၊ အလုပ်ချိန် အဆမတန် လုပ်နေရတာတွေ၊ တခြားအလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုတွေလည်း အများကြီးရှိတယ်၊ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေက ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးရုံနေတာနဲ့တင် သူတို့တွေရဲ့ နစ်နာဆုံးရှုံးမှုတွေက ပြီးဆုံးသွားမှာ မဟုတ်ဘူး၊ သူတို့အခွင့်အရေးကို သူတို့ကိုယ်တိုင် တိုက်ပွဲဝင်မှသာဖြစ်မယ်၊ အဲဒါကြောင့် သူတို့သေသေချာချာ မသိရှိသေးတဲ့ လူ့အခွင့်အရေးတွေ၊ အလုပ်သမားအခွင့်အရေးတွေ၊ အမျိုးသမီးအခွင့်အရေးတွေကို ကျနော်တို့အနေနဲ့ ပြုလုပ်ရခြင်း ဖြစ်ပါတယ်၊ ကျနော်တို့အနေနဲ့ ရှေ့ဆက်လည်း အသိပညာပေးလုပ်ငန်းတွေကတော့ ဆက်လက်လုပ်ဆောင်သွားရမှာဖြစ်တယ်၊ '

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ သိန်း ကျော် အလုပ်လုပ်ကိုင်လျက် ရှိသည်ဟု ရွှေ့ပြောင်းအလုပ်သမားရေးရာ လုပ်ဆောင်နေသူများက ဆိုသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းအစိုးရမှ သတ်မှတ်ပေးထားသော တနေ့လုပ်အားခ ဘတ် ၃၀၀ ကို ရရှိကြခြင်း မရှိဟု ရွှေ့ပြောင်းအလုပ်သမားတဦးက ပြောသည်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သည် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်သမားရိပ်သာ ထားရှိခြင်း၊ ဥပဒေရေးရာ အထောက်အကူ ပေးခြင်း၊ အခွင့်အရေးသင်တန်းနှင့် အသက်မွေးဝမ်းကြောင်း သင်တန်းများ ပြုလုပ်ပေးခြင်း၊ လစဉ်အအဖွဲ့၏ အလုပ်သမားရေးရာဂျာနယ် ထုတ်ဝေခြင်း၊ နေ့ကလေးထိန်းကျောင်း၊ နယ်လှည့်ဆေးခန်းနှင့် သာရေးနာရေး ကူညီမှုတို့ကို ကူညီလုပ်ဆောင်ပေးလျက်ရှိသည် ဟု ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ တာဝန်ခံ ကိုမျိုးဇော်က ပြောသည်။

အဆိုပါသင်တန်းသို့ တက်ရောက်ခဲ့သူ သင်တန်းသား/သူ ၁၂ ဦး တက်ရောက်ခဲ့ကြသည်။
YCOWA

0 comments:

Post a Comment