Sunday, March 08, 2015

နိုင်ငံတကာအမျိုးသမီးများနေ့ မဲဆောက်မြို့တွင် ပြုလုပ်


မဲဆောက်
မတ်လ ၈ ရက် ၂၀၁၅ ခုနှစ်

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့တွင် နိုင်ငံတကာအမျိုးသမီးများနေ့ကို မတ်လ ၈ ရက် ၂၀၁၅ ခုနှစ်က ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့ (MRPWG) မှ ဦးဆောင်ကာ ပြုလုပ်ခဲ့ကြသည်။

မတ်လ ၈ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာအမျိုးသမီးများနေ့တွင် မဲဆောက်မြို့ ရဲစခန်းမှ မြူနီစပယ်ရုံးအထိ လမ်းလျှောက်ချီတက်ခဲ့ရာတွင် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ပူးပေါင်းပါဝင်ခဲ့သည်။

၎င်းအခမ်းအနားတွင် မြန်မာရွှေ့ပြောင်းအမျိုးသမီးများအတွက် ရည်ရွယ်၍ နယ်စပ်ရဲစခန်းများတွင် အမျိုးသမီး အမှုစစ်အရာရှိများ ထားရှိပေးရန်၊ တာ့ခ်ခရိုင် ဆေးရုံများတွင် အမျိုးသမီး စကားပြန်များ ထားရှိပေးရန်၊ အချုပ်ခန်း အင်္ဂါရပ်များနှင့် ပြည့်စုံသော အမျိုးသမီးအချုပ်ခန်းများ ထားရှိပေးရန်၊ နယ်စပ်ဒေသများတွင် အမျိုးသမီးနှင့် ကလေးသူငယ်များကို ကာကွယ်ပေးရန်အတွက် ဂေဟာများထားရှိပေးရန် စသည့်အချက်များပါဝင်သည့် ကြေညာချက်တစောင်ကို ထုတ်ပြန်ကာ ထိုင်းအစိုးရထံ တောင်းဆိုခဲ့သည်။

အဆိုပါအခမ်းအနားတွင် လွန်ဆွဲခြင်း၊ ဂုန်နီအိတ်စွပ်ပြေးခြင်း၊ စကောရွက်ခြင်း၊ ဇွန်းထဲသို့ ဘောလုံးထည့်၍ ပြေးခြင်း စသည့် အားကစားများကိုလည်း ပြုလုပ်ခဲ့ကြသည်။

နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနားသို့ ထိုင်းအာဏာပိုင် အချို့နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
YCOWA

0 comments:

Post a Comment