Tuesday, July 05, 2016

လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိသူ နစ်နာကြေး ရရှိရန် ရောင်ခြည်ဦးမှ ဆောင်ရွက်ပေး

ထိုင်းနိုင်ငံ မယ်ပကျေးရွာ ဟွေးမုန့်ကျောင်းအနီးတွင် တောင်ယာလုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေသူ ကိုရဲသိန်းသည် ထိခိုက်ဒဏ်ရာရရှိမှုကြောင့် နစ်နာကြေးငွေ စုစုပေါင်း ၁၂၅,၅၄၆ ဘတ်ကို ၂၀၁၆ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ရရှိခဲ့သည်။
 
အဆိုပါဖြစ်စဉ်မှာ လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်းက လုပ်ငန်းရှင်မှ ကြံတင်ရန်ခေါ်ဆောင်သွားစဉ် ရုတ်တရက် ကားတိမ်းမှောက်ရာမှ ကိုရဲသိန်း၏ ဘယ်ခြေထောက် ဒူးဆစ်အနီးမှ ဖြတ်တောက်လိုက်ရသည်။ လုပ်ငန်းရှင်မှ ကိုရဲသိန်းအား တာဝန်ယူခြင်း မရှိဘဲ လစ်လျူရှုထားသဖြင့် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သို့ အကူအညီတောင်းခံခဲ့သည်။
 
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ထိုင်းအခြေစိုက် IRC အဖွဲ့နှင့်ချိတ်ဆက်၍ အလုပ်ရှင်ထံမှ လျော်ကြေးငွေရလိုမှုအား ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ ရောင်ခြည်ဦးအဖွဲ့နှင့် IRC ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် လုပ်ငန်းရှင်ထံမှ လျော်ကြေးငွေ ၅၀၀၀၀ ပေးဆောင်ရန် မဲဆောက်မြို့ရှိ ထိုင်းတရားရုံးမှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကိုရဲသိန်းကိုယ်တိုင် လက်ခံရယူခဲ့ပါသည်။ ထို့နောက် လုပ်ငန်းရှင်ထံမှ သာမန်နစ်နာကြေးသာမက ထိုင်းအစိုးရ၏ လူမှုဖူလုံရေးဥပဒေ ဘီအီး ၂၅၃၇ ပုဒ်မ ၁၃ အရ ကိုယ်လက်အင်္ဂါဆုံးရှုံးမှုနစ်နာကြေး ထပ်မံရရှိနိုင်ကြောင်း ကိုရဲသိန်းအား ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ရှင်းလင်းပြောကြားခဲ့ပြီး တရားရုံးထိ တက်ရောက်၍ ထိုင်းအစိုးရထံတွင် တင်ပြတောင်းဆိုခဲ့သည်။ ထိုတောင်းဆိုမှုအား တရားရုံးမှလက်ခံဆောင်ရွက်ပေးခဲ့ပြီး နစ်နာကြေးအဖြစ် ဘတ်ငွေ ၇၅,၅၄၆ ဘတ် ပေးဆောင်ရန် ချမှတ်ခဲ့သည်။ “
အဆိုပါ နစ်နာကြေးငွေအား ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ဥပဒေရေးရာဌာနမှ တာဝန်ရှိသူများ၊ ထိုင်းရှေ့နေများကောင်စီမှ တာဝန်ရှိသူများနှင့် ထိုင်းတရားရေးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် ကိုရဲသိန်းကိုယ်တိုင် ထုတ်ယူရရှိခဲ့ပါသည်။
 
ကိုရဲသိန်းမှ “မိမိ ခြေထောက်တဖက် ဆုံးရှုံးနစ်နာရသဖြင့် ၀မ်းနည်းမိကြောင်း၊ သို့သော် ဘ၀တူအလုပ်သမားအချင်းချင်းအပေါ် စာနာထောက်ထား ကူညီမှုများစွာပေးသည့် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့် ပါဝင်ကူညီခဲ့သူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း” ပြောဆိုခဲ့ပါသည်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ဥပဒေရေးရာတာဝန်ခံ ဦးစိုးမိုးမှ “အလုပ်သမားများအနေဖြင့် ယခုကဲ့သို့ လုပ်ငန်းခွင်အတွင်းထိခိုက်ဒဏ်ရာရမှု ကိုယ်လက်အင်္ဂါဆုံးရှုံးမှုများဖြစ်ပေါ်ပါက လုပ်ငန်းရှင်နှင့် သာမန်ညှိနှိုင်း ကျေအေးခြင်းမျိုးမပြုလုပ်ဘဲ ထိုင်းတရားစီရင်ရေးဥပဒေများကို သေချာစွာလေ့လာဖတ်ရှု၍လည်းကောင်း၊ ထိုင်းဥပဒေရေးရာများကို သိနားလည်သည့် မိမိတို့ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ဥပဒေရေးရာဌာနသို့ မေးမြန်းဆက်သွယ်စုံစမ်းအကူအညီတောင်းခံခြင်းဖြင့်လည်းကောင်း တရားနည်းလမ်းတကျဆောင်ရွက်သင့်ကြောင်း” ကို ပြောဆိုခဲ့ပါသည်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သည် ဥပဒေရေးရာအထောက်အကူပြု ကူညီပေးခြင်း၊ အခွင့်အရေးသင်တန်းများ၊ အသက်မွေးဝမ်းကြောင်းသင်တန်းများ၊ နေ့ကလေးထိန်းကျောင်းများ၊ ပွဲလမ်းသဘင်နှင့် အခမ်းအနားများ၊ ခေတ္တခိုလှုံရာနေအိမ် စသည့်ဝန်ဆောင်မှုများဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
သတင်း - YCOWA

0 comments:

Post a Comment