
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဖွင့်လှစ်ထားသော စံပယ်ဖြူနေ့ကလေးထိန်းကျောင်းတွင် မြန်မာ့ရိုးရာ တပို့တွဲလပြည့် ထမနဲ (ယာဂု) ထိုးပွဲကို ၂၁ ရက် ဖေဖော်ဝါရီလ ၂၀၁၆ ခုနှစ် (တနင်္ဂနွေနေ့) နေ့ ညနေ (၅) နာရီတွင်ကျင်းပခဲ့သည်။ အဆိုပါ ထမနဲထိုးပွဲသို့ စံပယ်နေ့ကလေးထိန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းဝန်းကျင်ရှိ မယ်တောင်ဖတ်ကျေးရွာ၊ ဖတောင်းရပ်ကွက်ရှိ ကျောင်းသားမိဘများ၊ ကျောင်းကော်မတီဝင်များ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ ဒေသခံထိုင်းရပ်မိရပ်ဖများ စုစုပေါင်း လူဦးရေ (၁၂၀) ခန့် တပျော်တပါးပါဝင်ဆင်နွှဲခဲ့ကြသည်။ စုစုပေါင်း ထမနဲ (၃) အိုးထိုးခဲ့ပြီး တပို့တွဲလပြည့်နေ့ ( သြ၀ါဒပါတိမောက် အခါတော်နေ့) ကိုရည်မှန်း၍ ထမနဲဆွမ်းကပ်လှူပူဇော်ခဲ့ပြီး ပါဝင်လုပ်ကိုင်ခဲ့သူများအားလည်း အကျွေးအမွေးဖြင့် ဧည့်ခံခဲ့ပါသည်။ အဆိုပါပွဲအား ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဦးဆောင်စီစဉ်ခဲ့ပြီး နေ့ကလေးထိန်းကျောင်း ကြီးကြပ်ရေးမှူး ဦးကိုဟိန်းမှ "အခု ထမနဲထိုးပွဲကြောင့် တိုင်းတပါးမှာ အနေအထိုင် အလုပ်အကိုင် ပင်ပန်းဆင်းရဲပေမယ့် ရိုးရာအစဉ်အလာမပျက်အောင် စည်းစည်းလုံးလုံးနဲ့ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ မြန်မာနဲ့ ယဉ်ကျေးမှု သိပ်မကွဲတဲ့ ထိုင်းနိုင်ငံသားတွေနဲ့ ပူးပါင်းဆောင်ရွက်မှုတွေ ရင်းနှီးချစ်ကြည်မှုတွေရခဲ့ပါတယ်" ဟု ပြောခဲ့ပါသည်။ ထို့အပြင် ယခုထမနဲထိုးပွဲကို နှစ်စဉ် ကျင်းပသွားရန်ရှိပြီး နီးစပ်ရာ မြန်မာရွှေ့ပြောင်းအလုပ်သမားများလည်း ယခုထက်ပိုမို၍ ပါဝင်လာနိုင်ကြောင်းနှင့် သြ၀ါဒပါတိမောက် အခါတော်နေ့၏ အနှစ်သာရဖြစ်သော "မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စင်အောင် စိတ်ကိုထား။
ဗုဒ္ဓတိုင်းသာ မိန့်ခဲ့တာ၊ သုံးဖြာဤ စကား။
ခန္တီမူလ မာန်ကိုချ၊ ဒေါသကိုပယ်၊ မေတ္တာလွယ် ... " ဆိုသည့်အတိုင်း တဦးနှင့်တဦး ဖြူစင်သောစိတ်ထားများဖြင့် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း၏ အကျိုးရလဒ်များဖြင့် မည်သည့်လုပ်ငန်းစဉ်မဆို အောင်မြင်နိုင်သည့် အကြောင်းကိုလည်း ဦးကိုဟိန်းမှ ရောင်ခြည်ဦးမီဒီယာအား ပြောကြားခဲ့ပါသည်။ (ဓာတ်ပုံ ဦးကိုဟိန်း)




0 comments:
Post a Comment